top of page

ပြည်သူတရပ်လုံးမျှော်လင့်တောင့်တနေတဲ့ စုဖွဲ့လက်တွဲမှုမျိုးမလုပ်နိုင်သေးဘူးလို့ NUGဝန်ခံ

  • Writer: BVJ
    BVJ
  • 5 days ago
  • 1 min read

မိုနာ/BVJ_ဒီဇင်ဘာ ၉၊ ၂၀၂၅

NUGယာယီသမ္မတဒူဝါလရှီးလ PDFများကိုသွားရောက်တွေ့ဆုံနေပုံ။
NUGယာယီသမ္မတဒူဝါလရှီးလ PDFများကိုသွားရောက်တွေ့ဆုံနေပုံ။

အမျိုးသားညီညွတ်ရေးအစိုးရ-NUGအစိုးရအနေနဲ့ လူထုအကျိုးနဲ့တော်လှန်ရေးအောင်မြင်မှုမျိုးရဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ဖို့ တွန့်ဆုတ်နေတာမရှိပေမယ့် ပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ စုဖွဲ့လက်တွဲမှုမျိုးကို ဒီနေ့အထိမလုပ်နိုင်သေးဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

 

“ကျနော်တို့ အစိုးရအနေနဲ့လူထုအကျိုးနဲ့တော်လှန်ရေးအောင်မြင်မှုတွေရဖို့ဆိုရင် ပြုပြင်ပြောင်းလဲရေးကို လက်တွေ့လုပ်ဆောင်ဖို့ တွန့်ဆုတ်ခဲ့တာမရှိဘူးလို့ပြောချင်ပါတယ်။ ဒါပေမယ့်လူမျိုးပေါင်းစုံ၊ ဒေသမျိုးကွဲပေါင်းစုံနဲ့ အင်အားစုပေါင်းစုံလွန်းတဲ့ကျနော်တို့နိုင်ငံအတွင်းမှာ ပြည်သူတရပ်လုံးမျှော်လင့်တောင့်တနေတဲ့ စုဖွဲ့လက်တွဲမှုမျိုးကို ယနေ့အထိမလုပ်နိုင်သေးဘူးလို့ ဝန်ခံချင်ပါတတယ်။ ကျနော်တို့ဟာ လူထုကိုမျှော်လင့်ချက်အတုတွေမပေးချင်သလို၊ အရှိပကတိနဲ့ကင်းကွာနေတာတွေကိုလည်း စကားလုံးတွေလှအောင်ပြောဖို့ မရည်ရွယ်ကြောင်းပြောကြားလိုပါတယ်”လို့ မနေ့က ဒီဇင်ဘာ၈ရက်ညမှာ ပြောကြားခဲ့တဲ့ NUGပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ပြည်သူလူထုဆီအသိပေးတဲ့ နိုင်ငံတော်ယာယီသမ္မတမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

 

NUGပြုပြင်ပြောင်းလဲရေးကို ပိုမိုအားကောင်းတဲ့ မဟာမိတ်စုဖွဲ့မှုတွေနဲ့ပြောင်းလဲဖွဲ့စည်းဖို့ကြိုးစားခဲ့သလို မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့ မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုကနေ တမျိုးသားလုံးရဲ့ညီညွတ်ရေးကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်တဲ့ အစိုးရဖြစ်အောင် အထူးသဖြင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ကျယ်ပြန့်စွာပါဝင်လာအောင်ကြိုးခဲ့ပေမယ့် အဓိကတိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာ NUGအစိုးရဆီမှာ ထဲထဲဝင်ဝင်ပူးပေါင်းပါဝင်လာဖို့ အကန့်အသတ်ရှိကြောင်းကိုလည်း ပြောပါတယ်။

 

“အဓိက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပူးပေါင်းပါဝင်လာဖို့ အထွေထွေအကန့်အသတ်တွေရှိနေတာကို စိစစ်လေ့လာကြည့်လိုက်တဲ့အခါမှာ နှစ်ပေါင်း(၆၀)ကျော်ကြာ၊ ပြည်တွင်းစစ်ဟာ သမိုင်းဆိုင်ရာအငြိုးနဲ့လူမျိုးရေး အမုန်း၊အာဃာတတွေကို အဓိကပေါက်ဖွားစေရာ ရေခံမြေခံဖြစ်ကြောင်း တွေ့ရှိရပါတယ်”လို့ NUGယာယီသမ္မတက ပြောကြားပါတယ်။

NUG၊ ချင်းညီနောင်အဖွဲ့ (CB)၊ KIO/KIAတို့ ၂၀၂၅၊ဇူလိုင်လအတွင်းက KIO/KIA ဌာနချုပ်လိုင်ဇာမှာ သီးခြားတွေ့ဆုံခဲ့ပုံ။                (ဓါတ်ပုံ-ဆလိုင်းတင်မီထွဋ်)
NUG၊ ချင်းညီနောင်အဖွဲ့ (CB)၊ KIO/KIAတို့ ၂၀၂၅၊ဇူလိုင်လအတွင်းက KIO/KIA ဌာနချုပ်လိုင်ဇာမှာ သီးခြားတွေ့ဆုံခဲ့ပုံ။ (ဓါတ်ပုံ-ဆလိုင်းတင်မီထွဋ်)

ဒါ့အပြင် ပထဝီနိုင်ငံရေးရဲ့အကန့်အသတ်တွေဟာညီညွတ်တဲ့ တော်လှန်ရေးအင်အားစုကြီး မပေါ်ထွက်နိုင်အောင် အဓိကတားဆီးနေတာကိုတွေ့ရကြောင်းနဲ့ ဒေသတွင်း နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာလည်း နိုင်ငံကြီးတွေနဲ့အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားအထိုင်စဉ်းစားချက်တွေက နွေဦးတော်လှန်ရေးရဲ့စုစည်းညီညွတ်မှုကို ကြိုးကိုင်ခြယ်လှယ်နေတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

 

ဒီအထွေထွေကန့်သတ်မှုကိုကျော်လွန်ပြီးရင်တော့ တနေ့နေ့တချိန်ချိန်မှာ ပြည်သူလူထုတရပ်လုံးမျှော်မှန်းတဲ့ စုဖွဲ့ညီညွတ်မှုကိုတည်ဆောက်နိုင်လိမ့်မယ်ယုံကြည်ကြောင်းကိုလည်း NUGယာယီသမ္မတက ပြောကြားပါတယ်။

 

“တော်လှန်ရေးအင်အားစုများအကြား လက်တွဲညီညွတ်မှုကို ကျနော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဆက်လက်ပြီးမဆုတ်မနစ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူလူထုတရပ်လုံးကို ကတိပေးလိုပါတယ်”

 

KIAနဲ့ပူးပေါင်းတပ်များသိမ်းပိုက်ခဲ့တဲ့ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းရှိစခန်းကုန်းတွေကို KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး Rခေါင်လွန်းနဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ၂၀၂၄၊ဇန်နဝါရီ ၂၅ ရက်ကသွားရောက်ကြည့်ရှုနေပုံ။
KIAနဲ့ပူးပေါင်းတပ်များသိမ်းပိုက်ခဲ့တဲ့ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းရှိစခန်းကုန်းတွေကို KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး Rခေါင်လွန်းနဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ၂၀၂၄၊ဇန်နဝါရီ ၂၅ ရက်ကသွားရောက်ကြည့်ရှုနေပုံ။

NUGအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အဆင့်(၃)ဆင့်နဲ့ဆောင်ရွက်ဖို့လမ်းစဉ်ချမှတ်ခဲ့ပြီး အဲ့ဒီ(၃)ဆင့်ရဲ့ ပထမအဆင့်ဖြစ်တဲ့ အစိုးရအတွင်းပြုပြင်ပြောင်းလဲ‌ရေးကိုလုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးဟာ လက်ရှိNUGအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်တဲ့ကိုယ်စားပြုမှုအားကောင်းတဲ့ အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ဖြစ်ပြီး တတိယအဆင့်ကတော့ မင်းအောင်လှိုင်နဲ့အကြမ်းဖက်စစ်အုပ်စုကိုဖြုတ်ချပြီး အသွင်ကူးပြောင်းရေးအစိုးရတရပ်ကို ဖွဲ့စည်းဖို့ဖြစ်တယ်လို့လည်း ပြည်သူကိုပြောပါတယ်။

 

NUGအစိုးရအနေနဲ့ ဝန်ကြီးဌာန(၁၇)ခုကနေ (၁၂)ခုကိုပြင်ဆင်ပြောင်းလဲဖွဲ့စည်းကြောင်း မနေ့ကဒီဇင်ဘာ ၈ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHကကြေညာခဲ့ပေမယ့် ဝန်ကြီးအပြောင်းအလဲဟာအနည်းငယ်သာရှိခဲ့တာကြောင့် ဒီပေါ်မှာဝေဖန်မှုတွေလည်းရှိနေပါတယ်။

 

အသစ်ပြင်ဆင်လိုက်တဲ့ဖွဲ့စည်းပုံအရ အရင်ကပညာရေးနဲ့ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ဒေါက်တာဇော်ဝေစိုးကို ဝန်ကြီးချုပ်ရုံးပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်လိုက်သလို အရင်က ပညာရေးဒုဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဂျာထွယ်ပန်ကို ပညာရေးဝန်ကြီး၊ အရင်ကကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံကို ကျန်းမာရေးဝန်ကြီးတို့အဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page