ရန်ပုံငွေရှာဖွေရေးဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့အလုပ်မလုပ်ဟု NUGဝန်ကြီးပြော
- BVJ

- Jan 30
- 1 min read
ယူဂရင်း/BVJ_ဇန်နဝါရီ ၃၀၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေနဲ့ တော်လှန်ရေးရန်ပုံငွေရှာဖွေရေး ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်လုပ်မှာမဟုတ်ဘူးလို့ NUGဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
“မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ရပ်တည်ချက်၊ မူဝါဒနဲ့ ဥပဒေတွေချမှတ်ထားပြီးဖြစ်တာကြောင့်
"မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် နိုင်ငံတော်ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျနော်တို့တော်လှန်ရေးရဲ့ ရပ်တည်ချက်က မူဝါဒရော၊ဥပဒေရောပြတ်သားပြီးသားဖြစ်တယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် လုံး၀၊လုံး၀ လုံး၀ ကျနော်တို့ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။ နိုင်ငံတော်ကိုရော တော်လှန်ရေးကိုရော လူငယ်တွေကိုရော ပြည်သူတွေကိုရော လမ်းမှားကိုဘယ်တော့မှမရောက်စေရဘူး။ ကျနော်တို့ တော်လှန်ရေးရဲ့ ရန်ပုံငွေရှာဖွေရေး ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့အလုပ်လုပ်မှာမဟုတ်ဘူး။ ကျနော်တို့ဟာဖြူစင်တဲ့တော်လှန်ရေးဖြစ်တယ်။ ပြည်သူလူထုနဲ့ လူငယ်တွေကို လမ်းမှားကို ဘယ်တော့မှပို့မှာမဟုတ်ဘူး" လို့ ဒေါက်တာဇော်ဝေစိုးက ပြောတာပါ။
NUGစိုးမိုးအုပ်ချုပ်နယ်မြေအတွင်း ဖမ်းဆီးရရှိတဲ့မူးယစ်ဆေးဝါးတွေကို အခုလ ဇန်နဝါရီ ၂၅ရက်က မီးရှို့ဖျက်ဆီးနေတဲ့အခမ်းအနားမှာ ပြောခဲ့တာပါ။

အခုမီးရှို့ဖျက်ဆီးတဲ့ မူးယစ်ဆေးဝါးတွေဟာ NUGစိုးမိုးအုပ်ချုပ်နယ်မြေတွေအတွင်း ဖြတ်သန်းသွားလာတဲ့မော်တော်ယာဉ်တွေကနေ ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေဖြစ်ကြောင်းနဲ့ ဘိန်းဖြူ ၆၅၄၅ခွက်၊ WY စိတ်ကြွဆေးပြား၄,၆၇၂,၀၀၀ပြားတို့ကိုမီးရှို့ခဲ့ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တစ်သိန်းခန့်ရှိတယ်လို့ NUGက မနေ့က ဇန်နဝါရီ ၂၉ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
ဘိန်းဖြူတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဖမ်းဆီးပြီး NUGဆီအပ်နှံခဲ့တာဖြစ်ပြီး ကျန်တဲ့WYစိတ်ကြွဆေးပြားတွေကတော့ PDF တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းမိခဲ့တာလို့ သိရပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်မှုနဲ့ပတ်သက်တဲ့ တရားခံတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း NUGကထုတ်ပြန်ထားပါတယ်။




Comments