ဒေါ်ကြည်ပြာအမှုအပေါ် NUGရှင်းလင်းချက်ကို CDMတွေကြိုဆို၊ ရပ်နားထားတဲ့လုပ်ငန်းစဉ်တွေ အရင်အတိုင်းပြန်လုပ်
- BVJ

- Feb 23
- 1 min read
တရားမျှတမှုဖော်ဆောင်ရေးNUGကတိပြုချက်တွေ ဆက်လက်စောင့်ကြည့်နေ
မိုနာ/BVJ_ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

NUGဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ရှင်းလင်းချက်ကို ကြိုဆိုကြောင်းနဲ့ ခေတ္တရပ်နားထားတဲ့ ကျောင်းသားကျောင်းသူတွေ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို မနေ့က ဖေဖော်ဝါရီ ၂၂ရက်ညပိုင်းမှာ ပြန်လည်စတင်လုပ်ဆောင်ပြီလို့ NUGပညာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ကြေညာပါတယ်။
ဒေါ်ကြည်ပြာအမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးဖြစ်စဉ်တွေအတွက် ဆက်လက်ဆောင်ရွက်မှာတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ကတိပြုခဲ့တာကိုသိရှိရကြောင်းနဲ့ အဲ့ဒီကတိပြုချက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဖြောင့်မတ်စွာဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာကို ယုံကြည်သလို အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကိုလည်း ဆက်လက်စောင့်ကြည့်နေတယ်လို့ အမှုနဲ့ပတ်သက်ပြီး တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ဖော်ပြပါတယ်။
ဒါ့အပြင် ကျောင်းသားကျောင်းသူတွေ နစ်နာမှုမဖြစ်စေရေးအတွက်လည်း အရင်ကသတ်မှတ်ထားတဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပိတ်ရက်ကို မတ်လ ၂ရက်နေ့ ည ၁၁း၅၉မိနစ်အစား မတ်လ ၅ရက် ည ၁၁း၅၉(မြန်မာအချိန်)အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်းကိုလည်း တပါထဲကြေညာလာပါတယ်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ဟာ အခုလ ဖေဖော်ဝါရီ ၁၈ရက်ကထွက်လာတဲ့ ဒေါ်ကြည်ပြာအမှုအပေါ် ဝန်ကြီးချုပ်ရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လက်မခံနိုင်တာကြောင့် တက္ကသိုလ်ဝင်ခွင့် စတုတ္ထအကြိမ်ခေါ်ဆိုခြင်း လုပ်ငန်းစဉ်အားလုံးကို ဖေဖော်ဝါရီ ၁၉ ရက်ကစပြီးရပ်ဆိုင်းထားတာဖြစ်ပါတယ်။
အဲ့ဒီနောက်ဒေါ်ကြည်ပြာအမှုနဲ့ပတ်သက်ပြီး NUGစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖေဖော်ဝါရီ ၂၁ရက်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့တွေ့ရှိချက် အစီရင်ခံစာအကျဉ်းချုပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထဲမှာ ဒေါ်ကြည်ပြာကိုရာထူးရပ်နားထားဆဲဖြစ်ပြီး အမှုကိုဆက်လက်စစ်ဆေးနေကြောင်းနဲ့ ခင်ပွန်းဖြစ်သူဦးညီညီမင်းနဲ့တူတော်စပ်သူနှစ်ဦးကိုတော့ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းပါဝင်လာပါတယ်။
အဲ့ဒီသတင်းစာရှင်းလင်းပွဲပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကလည်း ကျန်းမာရေးကြောင့်ရာထူးကနေ နုတ်ထွက်ကြောင်းထွက်စာတင်လိုက်ပါတယ်။
ဒီအခြေအနေတွေပြီးတဲ့နောက်မှာ အမှုနဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကန့်ကွက်ကာ လုပ်ငန်းစဉ်တွေရပ်နားထားကြတဲ့အဖွဲ့အစည်းတွေက အရင်အတိုင်းလုပ်ငန်းစဉ်တွေပြန်လည်စတင်ကြောင်း ကြေညာလာကြပါတယ်။
အလားတူပဲ ဒေါ်ကြည်ပြာအမှုနဲ့ပတ်သက်ပြီးတွန်းအားပေးဖို့အတွက် NUGကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေကို ထောက်ပို့ခေတ္တရပ်နားမယ်လို့ကြေညာထားတဲ့ ဒို့ခေတ်ဝိုင်းတော်သားတွေကလည်း NUGအနေနဲ့ ပြည်သူလူထုဆန္ဒနဲ့အမှုမှန်ပေါ်ရေး၊ ဆောင်ရွက်ချက်တွေ အကောင်အထည်ဖော်လာတာကိုတွေ့ရှိရတဲ့အတွက် အရင်အတိုင်းထောက်ပို့တာဝန်တွေကို ကိုယ်ကျိုးမဖက်ဘဲဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီး မနေ့က ကြေညာလာပါတယ်။
ဒေါ်ကြည်ပြာကိုတိုင်ကြားထားသူ ၁၂ဦးကလည်း "ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း အခြေအနေတွေကို တည့်မတ်နိုင်ဖို့ အပြုသဘောဆောင်တဲ့ အစပြုမှုတွေစတင်နေပြီလို့ သိရှိရပါတယ်။ သတင်းစာရှင်းလင်းပွဲနဲ့ နောက်ဆက်တွဲလုပ်ငန်းစဉ်တွေအရ ကျွန်တော်တို့နဲ့ထိတွေ့ဆက်ဆံပြီး တရားမျှတမှုဖော်ဆောင်မယ့် ကုစားမှုလုပ်ငန်းစဉ်တွေဆက်လက်ရှိလာမယ်လို့လည်း မျှော်လင့်နားလည်ထားပါတယ်။ စိန်ခေါ်မှုတွေကြားကနေ ကျွန်တော်တို့ရဲ့ တိုင်ကြားမှုကို အလေးထား ဆောင်ရွက်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ရှိပြီး ရှေ့ဆက်လုပ်ငန်းစဉ်တွေကို အပြုသဘောနဲ့ စောင့်မျှော်နေပါမယ်”လို့ မနေ့က ဖေဖော်ဝါရီ ၂၂ရက် နေ့လယ်မှာထုတ်ပြန်ပါတယ်။
ဒါကြောင့် တိုင်ကြားထားသူတွေကအသုံးပြုနေတဲ့ ဒေါ်ကြည်ပြာအဂတိလိုက်စားမှုဖော်ထုတ်သူများအဖွဲ့ ပေ့ချ်ကိုလည်း အသုံးပြုမှုခေတ္တရပ်ဆိုင်းမယ်လို့ ဆိုထားပါတယ်။
“ဒေါ်ကြည်ပြာ၏အမှုအား ဖော်ထုတ်ပြီးစီးခဲ့ပြီဖြစ်သည်အတွက် ဤPage၏ အမည်အား "ကြည်ပြာ၏"စကားရပ်အား ဖယ်ရှားကာ "အဂတိလိုက်စားမှု ဖော်ထုတ်သူများအဖွဲ့"အမည်ဖြင့် မူလတင်ထားတဲ့ အချက်အလက်တွေ မပျောက်ပျက်စေဖို့ Page ကို ဆက်လက် ထိန်းသိမ်းထားရှိမှာဖြစ်ပြီး၊ အကယ်၍ ကျူးလွန်သူဘက်က လက်ခံနိုင်စရာမရှိတဲ့ တန်ပြန်ဖိအားပေးမှုတွေနဲ့ မမျှတမှုတွေ ထပ်မံပေါ်ပေါက်လာမှသာ ဤPage ကို ပြန်လည်အသုံးပြုတော့မှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်”
လက်ရှိမှာဒေါ်ကြည်ပြာကိုတိုင်ကြားထားတဲ့အမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ရုံးဝန်ကြီးဒေါက်တာဇော်ဝေစိုးဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောထားသလို NUGဝန်ကြီးချုပ်ရုံး မူဝါဒရေးရာအကြံပေးအဖွဲ့ (Policy Unit)ဝန်ထမ်းတွေရဲ့ အချိုးကျရန်ပုံငွေ ပျမ်းမျှဒေါ်လာ ၈၀,၀၀၀ကိုခွဲဝေသုံးစွဲမှုနဲ့ပတ်သက်ပြီးလည်း လူထုကစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။
အဲ့ဒီ ဒေါ်လာ ၈၀,၀၀၀ကို ဒေါ်ကြည်ပြာကတော်လှန်ရေးအတွက်ပြန်အသုံးပြုရာမှာ တိကျတဲ့မူဝါဒ မရှိခဲ့ဘူးဆိုပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့မှာပါဝင်တဲ့ NUGပညာရေးဝန်ကြီးဒေါ်ဂျာထွယ်ပန်က သတင်းစာရှင်းလင်းပွဲမှာဖြေဆိုခဲ့တာဖြစ်ပါတယ်။




Comments