NUGအမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာကို တာဝန်ကယာယီရပ်နားထားဆဲဖြစ်ပြီး ခင်ပွန်းနဲ့တူနှစ်ဦးကိုတာဝန်ကအပြီးရပ်ဆိုင်း
- BVJ

- Feb 21
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆

NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ၊ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို ရာထူးပြန်လည်ခန့်အပ်ခြင်းမရှိသေးဘဲ တာဝန်ကနေယာယီရပ်ဆိုင်းထားဆဲဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဦးညီညီမင်းနဲ့တူတော်စပ်သူနှစ်ဦးကိုတော့ တာဝန်ကနေရပ်ဆိုင်းလိုက်ပြီလို့ ဒေါ်ကြည်ပြာအမှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခဲ့သူတွေက ပြောပါတယ်။
ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ကိုတိုင်ကြားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့တွေ့ရှိချက် အစီရင်ခံစာအကျဉ်းချုပ်ကို NUGကဒီနေ့မှာ ဖေဖော်ဝါရီ ၂၁ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဖတ်ကြားထုတ်ပြန်လိုက်တာပါ။
အဲ့ဒီထဲမှာ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုနဲ့အစိုးရအတွင်း လွှမ်းမိုးချယ်လှယ်မှုဆိုင်ရာတွေမှာ စွပ်စွဲပြစ်တင်ဖို့လုံလောက်တဲ့ အကြောင်းမတွေ့ရှိပေမယ့် ဆက်ဆံရေးအားနည်းချက်နဲ့မိသားစုဝင်တွေကိုခန့်အပ်ဆောင်ရွက်ထားတဲ့ အားနည်းချက်တွေကိုတွေ့ရတဲ့အတွက် ပြင်းထန်စွာသတိပေးသွားဖို့၊ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းကိုတိုင်ကြားထားတဲ့ ရုံးတွင်းလိင်အမြတ်ထုတ်မှု(Sexual Harassmeny)စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဦးညီညီမင်းအနေနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုမဟုတ်ပေမယ့် NUGအစိုးရရဲ့ PSHEAမူဝါဒနဲ့ကျင့်ဝတ်တွေအပေါ် ငြိစွန်းဖောက်ဖျက်တာကိုစစ်ဆေးတွေ့ရှိအတွက် ပြင်းထန်စွာသတိပေးသွားဖို့နဲ့ ဆွေမျိုးသားချင်းတွေကိုတရုံးထဲခန့်ထားမှုဟာ နိုင်ငံတကာကကျင့်သုံးတဲ့ အကျိုးစီးပွားပဋိပက္ခနဲ့ဆွေမျိုးကောင်းစားရေး သဘောတရားတွေ၊မူဝါဒတွေနဲ့ငြိစွန်းမှုရှိတယ်လို့ သုံးသပ်တာကြောင့် ခင်ပွန်းဦးညီညီမင်းနဲ့မိသားစုဝင် တူတော်စပ်သူနှစ်ဦးကိုတာဝန်ကရပ်ဆိုင်းသွားဖို့ဆိုပြီး ဖော်ပြပါတယ်။
ဒေါ်ကြည်ပြာရာထူးနဲ့ပတ်သက်ပြီး “ယခုအထိလည်း ပြန်မခန့်ရသေးပါဘူး။ ယာယီရပ်နားထားဆဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့စုံခုံကလည်းကြေညာထားပြီးဖြစ်တယ်။ အခုကဒါက ပရော့ဆက်(လုပ်ငန်းစဉ်)တွေထဲမှာဆက်ရှိနေသေးတယ်။ ဒါ့အပြင် ပြင်းထန်စွာသတိပေးတယ်ဆိုတာက နောက်နောင်မကျူးလွန်ရဘူး။ ကျူးလွန်ရင်ဆိုတဲ့အသုံးအနှုန်းကအစ သုံးနှုန်းထားပေးတယ်ပေ့ါနော်”လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ရုံးဝန်ကြီးဒေါက်တာဇော်ဝေစိုးက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် NUGပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကလည်း”ဒီတိုင်ကြားခဲ့တဲ့အထဲမှာ အဓိကတော့ နားကပ်တရံဝယ်တယ်၊ခွေးမွေးတယ်၊ခွေးစာရိတ်ရှိတယ်။နောက်ပြီး ကားဝယ်တယ်ပေါ့။ ဒါတွေနဲ့ပတ်သက်ပြီးတော့ နှုန်းထားတွေကိုမေးခဲ့တာရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးရင် မကြည်ပြာတို့၊ ကိုညီညီမင်းတို့ရှေ့ပိုင်းမှာရှာခဲ့တဲ့ငွေကြေးအရင်းအမြစ်ရယ်၊ လက်ရှိအခြေအနေမှာလည်း ကိုညီညီမင်းက အလုပ်ရှိပါတယ်။အဲ့တော့လက်ရှိအခြေအနေရယ်၊ ငွေအရင်းအမြစ်ရယ်နဲ့ချိန်ဆကြည့်မယ်ဆိုရင်တော့ ဒီဝယ်ယူမှုတွေက သူတို့ရဲ့ဝင်ငွေအရင်းအမြစ်နဲ့ဝယ်ယူနိုင်တဲ့ပမာဏတွေဖြစ်တယ်ဆိုတာ ကျနော်တို့သိရတယ်။ ဒါပေမယ့် သီးခြားတန်ဖိုးပေါ့ ဥပမာငွေကြေးသန်းပေါင်းများစွာပိုင်တဲ့တခြားပိုင်ဆိုင်မှုတွေ၊ တိုက်တွေ၊ ကားတွေဒီလိုမျိုး အဆမတန်ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့တွေ့ခဲ့တာမရှိပါဘူး”လို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် NUGအနေနဲ့ ဝန်ကြီးချုပ်ရုံးနဲ့စပ်လျဉ်းတဲ့ တိုင်ကြားမှုအပေါ် စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေချိန်မှာ ပေါ်ထွက်နေတဲ့သတင်းတွေက ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးကိုအနှောင့်အယှက်ဖြစ်စေပြီး တော်လှန်ရေးအဖွဲ့အစည်းတွေ ၊ CDMဝန်ထမ်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ညီညွတ်ရေးကိုထိခိုက်နစ်နာစေတယ်လို့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။
NUGဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာနဲ့ပတ်သက်ပြီး ပြင်းထန်စွာသတိပေးခြင်းဆိုပြီး အခုလ ဖေဖော်ဝါရီ ၁၈ရက်ကထွက်ပေါ်လာတဲ့ ဝန်ကြီးချုပ်ရုံးရဲ့သတိပေးစာထဲမှာ ဒေါ်ကြည်ပြာအနေနဲ့အဂတိလိုက်စားတာကိုမတွေ့ရှိကြောင်းနဲ့ ဝန်ထမ်းတွေအပေါ် ချိုချိုသာသာပြောဆိုဆက်ဆံမှုပြုလုပ်ဖို့အတွက်သာ ပြင်းထန်စွာသတိပေးတယ်လို့ဖော်ပြထားတာကြောင့် တိုင်ကြားသူတွေကဒီပေါ်မှာလက်မခံဘဲကန့်ကွက်ခဲ့ကြပါတယ်။
ဒါ့အပြင် ပညာရေးနဲ့ကျန်းမာရေးဆိုင်ရာCDMတွေအပါအဝင် NUGအောက်ကတပ်ရင်းတပ်ဖွဲ့တွေကိုထောက်ပို့လုပ်နေတဲ့ ဒို့ခေတ်၊ တယ်လီကျန်းမာစတဲ့အဖွဲ့အစည်းတွေကလည်း လက်မခံဘဲသတိပေးတာတွေလုပ်ခဲ့ကြပါတယ်။
အဲ့ဒီနောက် ဒေါ်ကြည်ပြာအမှုနဲ့ပတ်သက်ပြီး ဒေါက်တာဇော်ဝေစိုးဦးဆောင်တဲ့အဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်လာတာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ စုံခုံအဖွဲ့ရဲ့ပြောကြားချက်အရတော့ အဲ့ဒီ၁၈ရက်နေ့ သတိပေးစာဟာ NUGအနေနဲ့တရားဝင်ထုတ်ပြန်တာမျိုးမဟုတ်ဘဲ ဌာနတွင်းနဲ့သက်ဆိုင်သူတွေက ဖြန့်ဝေတာကြောင့်ပေါက်ကြားသွားတာဖြစ်ပြီး ဒီပေါ်ကနေတဆင့်နားလည်မှုတွေလွဲသွားရတာလို့ ပြောပါတယ်။
ဓါတ်ပုံ-ဒေါ်ကြည်ပြာနဲ့ခင်ပွန်း ဦးညီညီမင်း




Comments