top of page

စစ်အုပ်စုကိုအသိအမှတ်မပြုဖို့ တရုတ်ကို NUGတိုက်တွန်း

  • Writer: BVJ
    BVJ
  • Sep 3
  • 1 min read

ယူဂရင်း/BVJ_စက်တင်ဘာ ၃၊ ၂၀၂၅

ပုံစာ- ဘေကျင်းက ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အခမ်းအနားကို တက်ရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် (ဓါတ်ပုံ- Xinhua)
ပုံစာ- ဘေကျင်းက ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အခမ်းအနားကို တက်ရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် (ဓါတ်ပုံ- Xinhua)

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်အုပ်စုကိုအသိမှတ်ပြုခြင်းကိုဆိုင်းငံထားဖို့၊ စစ်အုပ်စုကတောင်းဆိုတဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်းကိစ္စကိုငြင်းပယ်ဖို့နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ရည်ညွှန်းကိုးကားနေတာကို ရပ်စဲဖို့စတဲ့ အချက်(၃)ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGက တောင်းဆိုလိုက်ပါတယ်။

 

တရုတ်အစိုးရဆီကို NUGနိုင်ငံခြားရေးဝန်ကြီးက အခုလ ၁ရက်မှာ တိုက်တွန်းစာပေးပို့ခဲ့တာဖြစ်ပြီး အဲ့ဒီစာထဲမှာ ထည့်သွင်းတိုက်တွန်းထားတဲ့အကြောင်းအရာတွေကို NUGက ဒီနေ့ စက်တင်ဘာ ၃ရက်မှာ ထုတ်ပြန်လာတာပါ။

 

နိုင်ငံခြားရေးဝန်ကြီးရဲ့စာထဲမှာ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြန်မာ့စီးပွားရေးကိုထိခိုက်စေခဲ့ပြီး နိုင်ငံခြားရေးရင်းနှီးမြှုပ်နှံမှုတွေတွေကိုလည်း အဟန့်အတားဖြစ်စေခဲ့ကြောင်းနဲ့ အဲ့ဒီထဲမှာ ၂၀၂၀ခုနှစ်က သမ္မတရှီကျင့်ဖျင်နဲ့ သမ္မတဦးဝင်းမြင့်တို့ရေးထိုးခဲ့တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း(CMEC) အပါအဝင် အခြေခံစီးပွားရေးအဆောက်အအုံများစွာကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့ကြောင်း ပါဝင်ပါတယ်။

 

ဒါ့အပြင် NUG၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ (EROs)တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDFs)တွေဟာ ပြည်သူလူထုရဲ့တခဲနက်ထောက်ခံမှုကိုရရှိထားပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်နေတာသာမက ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ဆီကို ဦးတည်ဆောင်ရွက်နေကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေကအလိုမရှိတဲ့ စစ်ခေါင်းဆောင်ကို ဖိတ်ကြားခြင်းဟာ ပြည်သူတွေရဲ့တန်ပြည်တုန့်ပြန်မှုကိုဖိတ်ခေါ်သလိုဖြစ်ပြီး နှစ်နိုင်ငံကြားနှစ်ရှည်လများတည်ရှိခဲ့တဲ့ ရင်းနှီးချစ်ကြည်မှုကို ထိခိုက်စေနိုင်မယ်လို့လည်း စာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

 

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပြန်လည်ရရှိရေးအတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကဆက်လက်ပါဝင်နေမယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်းလည်း NUGက ‌ရေးသားဖော်ပြပါတယ်။

 

NUGရဲ့တိုက်တွန်းစာနဲ့ပတ်သက်ပြီး တရုတ်ရဲ့တုန့်ပြန်မှုကိုမသိရသေးပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ တရုတ်နိုင်ငံရဲ့တရားဝင်ဖိတ်ကြားမှုနဲ့ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ဒီနေ့ စက်တင်ဘာ ၃ရက်မှာကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အခမ်းအနားကို တက်ရောက်နေတာကို တွေ့ရပါတယ်။

 


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page