ဗိုလ်နဂါးကိုဖယ်ရှားဖို့ စစ်အင်အားသုံးခဲ့ရတဲ့အပေါ် NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
- BVJ

- Feb 20
- 1 min read
BNRAရဲဘော်တွေပြစ်မှုမကျူးလွန်ထားရင် PDFလုပ်နိုင်ဟုဆို
ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆

ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)ခေါင်းဆောင် နိုင်လင်း (ခ) ထင်လင်း (ခ) ဗိုလ်နဂါးဟာ ပြည်သူ့တော်လှန်ရေးနဲ့တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကိုလုပ်တာကြောင့် စစ်အင်အားသုံးဆောင်ရွက်ခဲ့ရတယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၁၉ရက် ညနေပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
ဗိုလ်နဂါးဟာ (က) ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှု၊ လူသတ်အလောင်းဖျောက်မှုစတဲ့ ရာဇဝတ်မှုတွေကျူးလွန်ခြင်း၊ (ခ) တရားမဝင် အခွန်ဂိတ်တွေ ဖွင့်ပြီး အခွန်ကောက်ခံရုံမက ဂိတ်နဲ့အတူ အများပြည်သူသုံးလမ်းတွေမှာ လူအင်အား (၅၀-၁၀၀) ဝန်းကျင်နဲ့ အထိုင်စခန်းချခြင်း၊ မိုင်းထောင်ခြင်း၊ အများပြည်သူသွားလာမှုကိုအနှောင့်အယှက်ပြုခြင်း၊ အုပ်ချုပ်ရေး၊ ပညာရေးနဲ့ကျန်းမာရေးလို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုနှောင့်ယှက်ခြင်း၊ စစ်ရေးအရ လှုပ်ရှားသွားလာမှုကို ကန့်သတ်နှောင့်ယှက်ဖို့ကြိုးပမ်းခြင်း၊(ဂ) မိမိတို့၏ ဂိတ်စခန်းတွေကို စီးနင်းခြင်း၊ တပ်ဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေကိုပင်ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းတွေဆောင်ရွက်လာခြင်း၊ အဲ့ဒီပြစ်မှုတွေနဲ့ပတ်သက်ပြီး အတွင်းကျကျသိရှိနိုင်သူတွေကိုလုပ်ကြံသတ်ဖြတ်ခြင်းနဲ့ ဆက်လက်ဆောင်ရွက် လာနိုင်ခြေရှိခြင်း၊(ဃ) ရန်သူစစ်တပ်နဲ့ဆက်သွယ်ခြင်း၊ သတင်းပေးပို့ခြင်း စတဲ့လုပ်ရပ်တွေအတွက် ယုံကြည်ရလောက်တဲ့အထောက်အထားများရှိနေခြင်းတွေကြောင့် ဗိုလ်နဂါးအဖွဲ့ကို အရေးယူဆောင်ရွက်ရာမှာ အင်အားသုံးခဲ့ရတယ်လို့ MODဖော်ပြထားပါတယ်။
“တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်နှင့် တော်လှန်ရေး၏ ဆူးညှောင့်တခုကို ဖယ်ရှား ရှင်းလင်းရန် စစ်အင်အား အသုံးပြုခြင်းကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရပါသည်” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဒီလုပ်ငန်းစဉ်ဆောင်ရွက်ရာမှာ ပြည်သူလူထု ထိတ်လန့်စိုးရိမ်မှုတွေဖြစ်ခဲ့တဲ့အတွက်လည်း ဝန်ကြီးဌာနအနေနဲ့ များစွာစိတ်မကောင်းဖြစ်ရကြောင်းနဲ့ BNRA အဖွဲ့ က ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့တပ်ဖွဲ့ဝင်တွေကို သူတို့စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာဖြစ်စေ ပူးပါင်းပါဝင်ပြီး တော်လှန်ရေးမှာဆက်လက်ပါဝင်တိုက်ပွဲဝင်နိုင်ဖို့စီစဉ်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြလာပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဗိုလ်နဂါးတပ်ဖွဲ့ရဲ့ဂိတ်စခန်းတွေကို အခုလ ဖေဖော်ဝါရီ ၁၇ရက်မနက်ပိုင်းမှာ NUGရဲ့ယင်းမာပင်ခရိုင်တပ်ရင်းတွေက အင်အားအလုံးအရင်းနဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းဗုံးသီး၊ တာဝေးပစ်လက်နက်တွေပါသုံးတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီနောက် ဗိုလ်နဂါးဟာ မနေ့က ဖေဖော်ဝါရီ ၁၈ရက်မှာ မိသားစုနဲ့အတူလက်နက်ချအလင်းဝင်လာကြောင်းကို စစ်အုပ်စုက ညပိုင်းမှာကြေညာခဲ့ပါတယ်။




Comments