ဗုံးကြဲဒဏ်ခံနိုင်မယ့် မြေအောက်ဆေးရုံ၊ဆေးခန်းတွေ တည်ဆောက်မယ်လို့ ဒေါက်တာဇော်ဝေစိုးပြော
- BVJ

- May 26, 2025
- 1 min read
BVJ/ယူဂရင်း_ မေ ၂၆၊ ၂၀၂၅

ဗုံးကြဲမှုဒဏ်ခံနိုင်မယ့် မြေအောက်ဆေးရုံ၊ ဆေးခန်းတွေတည်ဆောက်မယ်လို့ မြေပြင်ရှေ့တန်းတနေရာရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့ မေ၂၆ရက်မှာ ပြောပါတယ်။
စစ်ကောင်စီက ဆေးရုံ၊ဆေးခန်းနဲ့ ဆရာဝန်၊သူနာပြုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လုံခြုံစေဖို့ မြေအောက်ဆေးရုံ၊ဆေးခန်းတွေတည်ဆောက်မှာလို့ ဆိုပါတယ်။
“အရင်တုန်းကတော့ ကျနော်တို့တတွေ လုံခြုံတဲ့တောထဲ တောင်ထဲမှာ ရှေ့တန်းဆေးရုံ၊ဆေးခန်းတွေနဲ့ နောက်အခြေကျဆေးရုံ၊ဆေးခန်းတွေကိုတည်ဆောက်ပြီး ဆေးကုသခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဧပြီ မေ နှစ်လအတွင်းမှာ တိုက်ခိုက်မှုတွေပိုများလာပြီး ဆေးရုံ၊ဆေးခန်းတွေပိုပြီးလုံခြုံမှုမရှိတော့တဲ့အတွက် ကျနော်တို့အခုချိန်မှာ undergroundမြေအောက် ဆေးရုံ၊ဆေးခန်းတွေ ဗုံးကြဲတဲ့ဒဏ်ခံနိုင်တဲ့ ပေါင်၅၀၀၊ တထောင်ဗုံးတွေ ကြဲတဲ့ဒဏ်ကိုခံနိုင်တဲ့ မြေအောက်ဆေးရုံး၊ဆေးခန်းတွေ ဆောက်ဖို့လိုလာပါတယ်”လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
မြေအောက် ဆေးရုံ၊ဆေးခန်းတည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ (၄)သိန်းရည်မှန်းထားပြီး တည်ဆောက်နိုင်ရေးအတွက် ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာအလှူရှင်တွေက ကူညီကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
“ဆေးကုသနေကြရတဲ့ ဆရာဝန်၊ဆရာများ၊ သူနာပြုများတွေဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး နိုင်ငံတခုမှာ အလုပ်လုပ်နေရတာဖြစ်ပါတယ်။ သူတို့တွေလုံခြုံစိတ်ချစွာ ဆေးကုသမှုပေးနိုင်ဖို့ အတွက်၊ သူတို့တတွေလုံခြုံစိတ်ချစွာအနားယူနိုင်ဖို့အတွက် ကျနော်တို့မှာ ဗုံးကြဲဒဏ်ခံနိုင်တဲ့ မြေအောက်ဆေးရုံ၊ဆေးခန်းတွေ လိုအပ်ပါတယ်။ ဒါကြောင့်ဒါကို အားလုံးဝိုင်းဝန်းကူညီကြပါလို့ ကျနော့်အနေနဲ့ ဒါကိုတိုက်တွန်းနှိုးဆော်ချင်ပါတယ်”လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
ဒီမြေအောက် ဆေးရုံ၊ဆေးခန်းတွေတည်ဆောက်ဖို့အတွက် NUGက Safe Hospital, Safe Healthcare Fundraising Campaign ကို အခုလ ၂၄ရက်ကနေ ဇွန်လ ၃၀ရက်အထိ ကမ်ပိန်းပြုလုပ်နေတာလည်း ဖြစ်ပါတယ်။




Comments