မြေပြင်မှာရှိတဲ့ NUG ကြားကာလပညာရေးကျောင်းတွေ ယာယီရပ်နားထားဖို့ ဒေါက်တာဇော်ဝေစိုး ညွှန်ကြား
- BVJ

- May 25, 2025
- 1 min read
BVJ/ထက်အောင် _ မေ ၂၅ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပူးပေါင်း ဖွင့်လှစ်ထားတဲ့ မြေပြင်မှာရှိတဲ့ စာသင်ကျောင်းအားလုံး ခေတ္တယာယီရပ်နားထားဖို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့က မေလ ၂၅ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီက စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို လေကြောင်းကနေ နည်းလမ်းမျိုးစုံနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် မြေပြင်မှာရှိတဲ့ NUG ကြားကာလပညာရေးကျောင်းတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားချက်ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
အပြစ်မဲ့ ကလေးသူငယ်တွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိစေဖို့အတွက် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ ဆောင်ရွက်နေချိန်မှာ မြေပြင်မှာရှိတဲ့ ကြားကာလ ပညာရေးကျောင်းအားလုံးကို ရပ်နားထားဖို့ NUG ပညာရေးဝန်ကြီးက ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုညွှန်ကြားချက်ကို သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ သင်ကြားသင်ယူမှု စဉ်ဆက်မပြတ်စေဖို့အတွက်ကိုလည်း NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မူဝါဒ လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်ကြဖို့ကိုလည်း ပြောကြားထားပါတယ်။
တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ NUG အစိုးရ ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ စာသင်ကျောင်း၊ ဆေးရုံတွေနဲ့ လူစုလူဝေးရှိတဲ့နေရာကို စစ်ကောင်စီက ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အခု မေလ ၁၂ ရက်ကလည်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာကို စာသင်ကျောင်းကိုပစ်မှတ်ထားကာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၂၂ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့သလို ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
၂၀၂၂ စက်တင်ဘာ ၁၆ ရက်ကလည်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက ကိုယ်ထူကိုယ်စာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦးအပါအတင် ၁၃ ဦး သေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

















Comments