NUG ညွှန်ကြားချက်နဲ့ ပုဂံဒေသမှာ စစ်ရေးဖော်ဆောင်မယ်
- BVJ

- Jan 9, 2025
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၉ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ညွှန်ကြားချက်နဲ့ မန္တလေးတိုင်း ပုဂံ-ညောင်ဦးဒေသမှာ စစ်ရေးဖော်ဆောင်သွားမယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
“ကျနော်အဓိကပြောချင်တာကတော့ ပုဂံ-ညောင်ဦးမှာ ကျည်မကျရဘူး၊ ပုဂံ-ညောင်ဦးမှာ တိုက်ပွဲမဖြစ်ရဘူးဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျနော်တို့ဘက်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီးတော့ ကျနော်တို့စစ်ရေးအရ ပုဂံ-ညောင်ဦးမြို့နယ်အတွင်းမှာ လှုပ်ရှားသွားမှာဖြစ်ပါတယ်ဗျ”
၂၀၂၅မှာ ပုဂံ-ညောင်ဦးက ပြည်သူတွေနဲ့ ပုဂံဘုရားဖူးလာတဲ့ပြည်သူတွေသိရှိစေဖို့ဆိုပြီး အခုလ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြောတာပါ။
ဒါ့အပြင် ပုဂံကရှေးဟောင်း စေတီပုထိုးတွေဟာ PDF တွေကြောင့် ထိခိုက်မှုရှိမှာမဟုတ်ဘဲ စစ်ရေးအရ သေချာပြင်ဆင်လုပ်ဆောင်သွားမှာလို့လည်း ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ မတရားမှုတွေကို လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ကျနော်တို့ကြောင့် စေတီပုထိုးတွေ လုံးဝထိခိုက်မှာမဟုတ်ပါဘူး။ စစ်ကောင်စီကြောင့်သာ ကျနော်တို့စေတီပုထိုးတွေ ပျက်စီးကောင်းပျက်စီးနိုင်ပါတယ်ဗျ။ ကျနော်တို့ကတော့ စေတီပုထိုးတွေထိခိုက်မှုမရှိအောင် NUG ရဲ့ ညွှန်ကြားချက်နဲ့အတူ စစ်ရေးပလန်တွေကို သေချာချပြီး မအလနဲ့အပေါင်းအပါတွေကို တိုက်ထုတ်သွားမှာဖြစ်ပါတယ်”
ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ - ယူနက်စကို(UNESCO) ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ရှေးဟောင်းအမွေအနှစ် စေတီပုထိုးတွေရှိတဲ့ ပုဂံဒေသမှာ စစ်ရေးဖော်ဆောင်မှာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေကြောင်းကို ညောင်ဦးဒေသခံတစ်ဦးက Burma VJ ကို ပြောပါတယ်။
“အဓိက ကိုဗစ်ကာလထဲစပြီး ပုဂံက ဧည့်သည်နည်းနေတာ။ အခုစစ်ဖြစ်တော့ ပိုဆိုးတယ်။ အခုတိုက်ပွဲ ဖြစ်မယ်ဆိုတော့ ဒီက လူတွေက စိုးရိမ်နေကြတယ်။ ဒီမှာက ဧည့်သည်နဲ့ပဲ ခရီးသွားတွေနဲ့ပဲ ဒေသခံတွေက လုပ်ကိုင်စားသောက်နေရတာများတော့ ဒီဇင်ဘာနဲ့ဒီလမှာ ဧည့်သည်နည်းနည်းဝင်လာတာလည်းရှိတော့ အခုတိုက်ပွဲဆိုတဲ့အပေါ်မှာ စိုးရိမ်နေကြတာမျိုးရှိတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၃၁ရ က်က မန္တလေးတိုင်း တောင်သာမြို့နယ် သပွတ်စုရွာက ပျူစောထီးခေါင်းဆောင် အောင်ထွန်းဦးနဲ့အဖွဲ့ကို တောင်သာမြို့နယ် ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း (၅)၊ BGF (Burmese Guerrilla Force)၊ PLA (တပ်တော်)နဲ့ ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်)တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုဂံပြည်ဘီလူးတပ်အနေနဲ့ ၂၀၂၄ခုနှစ်အတွင်းမှာ တိုက်ပွဲပေါင်း(၂၂)ပွဲ ဖော်ဆောင်ခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က တပ်သား၊ရဲ၊ပျူစောထီး၊ အုပ်ချုပ်ရေးမှူး၊ ဒလန် စုစုပေါင်း (၇၅)ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။




Comments