NUG MODအောက်ကနေ နောက်ထပ်တပ်ရင်းတစ်ရင်း နုတ်ထွက်
- BVJ

- Feb 21, 2025
- 1 min read
နုတ်ထွက်တဲ့တပ်ရင်း (၅)ရင်းအထိ ရှိလာ
BVJ/မိုနာ_ ဖေဖော်ဝါရိ ၂၀၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်ကနေ နုတ်ထွက်ပြီး ယောတပ်တော်-YAနဲ့ပူးပေါင်းလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါတပ်ရင်း(ယောဒေသ)က ကြေညာပါတယ်။
ယောဒေသမှာတစ်တပ်ထဲ တစ်မိန့်ထဲ တစ်သံထဲဆိုတဲ့ စည်းလုံးညီညွတ်မှုနဲ့ပုံကျတဲ့ တပ်ဖြစ်လိုတာကြောင့် NUG MODအောက်က နုတ်ထွက်တာဖြစ်တယ်လို့ ဂန့်ဂေါPDFက ရဲဘော်အသေးလေးက ပြောပါတယ်။
“ဖျောက်ဖျက်ခံထားရတဲ့ ကျွန်တော်တို့ ယောဒေသရဲ့သမိုင်းကို ထုတ်ဖော်ပြနိုင်ဖို့နဲ့ ယောဒေသကို ကိုယ်စားပြုတဲ့တပ်အနေနဲ့တည်ရှိပြီး တိုက်ပွဲဝင်လိုတာရယ်၊ ယောဒေသအမြန်ဆုံးလွတ်မြောက်ရေး၊ ယောဒေသနဲ့ ယောပြည်သူလူထုတို့ရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် ပိုမိုအားစိုက်ပြီး လုပ်ဆောင်လိုတာရယ် စတာတွေကြောင့် ယောတပ်တော်(YA) မှာပြောင်းလဲတာဝန်ထမ်းဆောင်ကြဖို့ ရွေးချယ်ပြီး MOD ကိုနုတ်ထွက်စာတင်ခဲ့ကြတာဖြစ်ပါတယ်”လို့ Burma VJကို ပြောပါတယ်။

အခုနှစ် ဇန်နဝါရီ ၁၉ရက်က MODဆီကို ဂန့်ဂေါခရိုင် အမှတ်(၁၂)တပ်ရင်းကို ပြန်အပ်ခဲ့ပေမယ့် MODက ခွင့်မပြုတာကြောင့် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်၊ ဘဏ္ဍာရေးတာဝန်ခံ၊ တပ်ခွဲ(၁)၊(၂)၊(၃)၊(၄)တို့က တပ်ခွဲမှူး၊ တပ်စုမှူး၊ ဒုတပ်စုမှူး၊ တပ်စိတ်မှူး၊ ဒုတပ်စိတ်မှူးနဲ့ ရဲဘော်တွေဟာ နုတ်ထွက်စာတင် ထွက်ခဲ့ကြတယ်လို့ သိရပါတယ်။
တပ်ရင်းပြန်အပ်တာကိုဘာကြောင့်လက်မခံလဲဆိုတာကို MODက အကြောင်းပြချက်မပေးခဲ့ကြောင်းနဲ့ နုတ်ထွက်ခဲ့တာဟာ တပ်ရင်းတစ်ရင်းလုံးစာရဲ့ ၉၀ရာခိုင်နှုန်းခန့်ဖြစ်ပြီး ကျန်ခဲ့တဲ့ရဲဘော်တွေလည်းရှိနေသေးတယ်လို့ ရဲဘော်အသေးလေးကပြောပါတယ်။
“ကျနော်တို့အနေနဲ့ တပ်ရင်းပြောင်းလိုက်ပေမဲ့ တော်လှန်ရေးကိုအရှိန်မြှင့် လုပ်ဆောင်သွားမှာပါဗျ”လို့ ရဲဘော်အသေးလေးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါတပ်ရင်း(ယောဒေသ)အနေနဲ့ ၂၀၂၁၊ဇူလိုင် ၇ရက်ကစတင်ကာ ဂန့်ဂေါမြို့နယ်အခြေစိုက်တပ်ရင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂၊ဧပြီ ၁၃ရက်မှာ NUGရဲ့အစီအစဉ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အနောက်ပိုင်းတိုင်း၊ တပ်မဟာ(၇)၊ တပ်ရင်း (၇၀၁)အဖြစ်ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ကြောင်း အဲ့ဒီနောက် စစ်တိုင်းအစီအစဉ်တွေကနေ စစ်ဒေသအစီအစဉ်တွေကို MODကပြောင်းလဲပြင်ဆင်မှုကြောင့် ၂၀၂၂၊နိုဝင်ဘာ ၉ရက်မှာ တပ်ရင်း(၇၀၁)အဖြစ်ကနေ၊ အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ်(၁၂)တပ်ရင်း အဖြစ်ကိုပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

တပ်စတင်ဖွဲ့စည်းကတည်းကနေ လက်ရှိအချိန်ထိ ရဲဘော်(၃)ယောက်ကျဆုံးခဲ့ပြီး ရဲဘော်(၉)ယောက်ကတော့ နား၊နဲ့ ကိုယ်လက်အင်္ဂါတွေစွန့်ခဲ့ရတယ်လို့ ဂန့်ဂေါPDFထုတ်ပြန်ချက်အရ သိရပါတယ်။
NUG MODအောက်ကနေ လက်ရှိမှာ ရှမ်း၊ ကရင်နီနယ်စပ်က ရှမ်းတောင်တပ်ရင်းနှစ်ခုဖြစ်တဲ့ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF)နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY)၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းတို့လည်း နုတ်ထွက်ထားပြီး နုတ်ထွက်ခဲ့တဲ့တပ်ရင်းတွေဟာ MPDမှာ (၂)နှစ်ကျော် သုံးနှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ရင်းတွေဖြစ်ကြပါတယ်။
MODဝန်ကြီး ဦးရည်မွန်ကတော့ လက်နက် လုံလောက်အောင်တပ်ဆင်မပေးနိုင်တာရယ်၊ တပ်နေရာရွှေ့ပြောင်းရတာတွေကို မပြောင်းရွှေ့ချင်ကြတာကြောင့် MODကနေ နုတ်ထွက်တဲ့တပ်ရင်းတပ်ဖွဲ့တွေရှိနေကြောင်းကို အခုလ ၂ရက်နေ့မှာ ထုတ်ပြောထားပါတယ်။




Comments