NUCCရဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာအခြေအနေအပါအဝင် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး SRAနဲ့ဆွေးနွေး
- BVJ

- Mar 2
- 1 min read
မိုနာ/BVJ_မတ် ၂၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်ညနေပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အဖွဲ့အစည်းနှစ်ခုလုံးက မနေ့က မတ်လ ၁ရက်မှာ အသိပေးထုတ်ပြန်ထားကြပါတယ်။
အဲ့ဒီဆွေးနွေးမှုမှာ NUCC Operation Teamက ကောင်စီဝင်ဦးတိုးကျော်လှိုင်နဲ့ SRA ဦးဆောင်ကော်မတီဝင် ခွန်ဘီထူးတို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောခဲ့ပြီး SRAရဲ့စုဖွဲ့မှု ရည်ရွယ်ချက်၊ လက်ရှိလုပ်ဆောင်မှုတွေ၊ NUCCရဲ့ဦးစားပေးလုပ်ငန်းစဉ်တွေ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အခြေအနေတွေကိုအပြန်အလှန်မျှဝေခဲ့ကြကြောင်းနဲ့ နောက်ထပ်ဆက်လက်တွေ့ဆုံရန်လည်း အပြန်အလှန်ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။
SRAအနေနဲ့ ဖေဖော်ဝါရီ ၂၇ရက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့တွေ့ဆုံပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒ၊ စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားကြပါတယ်။
SRAဟာ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ချင်းညီနောင် (CB)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF)၊ စစ်ကိုင်းပြည်သူ့ ကာကွယ်ရေး တပ်မတော် (SAGAIN PDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်(DPLF)စတဲ့ နယ်မြေဒေသစုံကတော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။




Comments