အင်အားစုတွေကြားသဘောထားကွဲလွဲမှုတွေနဲ့ပတ်သက်ပြီး NUCCနဲ့NUG ဆွေးနွေး
- BVJ

- Jan 27
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၂၇၊ ၂၀၂၆

တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ဟာ အခုလ ဇန်နဝါရီ ၂၅ ရက်နေ့ ညမှာ ဆွေးနွေးအဖြေရှာခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးမှုအတွင်းမှာ အဓိကအနေနဲ့ အားကောင်းခိုင်မာတဲ့ တော်လှန်ရေးဦးဆောင်မှုတခုပေါ်ပေါက်စေဖို့နဲ့ အင်အားစုတွေအကြားသဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းဖြေရှင်းနိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြပြီး ကောင်းမွန်တဲ့သဘောတူညီမှုများစွာရရှိခဲ့တယ်လို့ NUCCက မနေ့က ဇန်နဝါရီ ၂၆ရက်ညမှာ အသိပေးထုတ်ပြန်ပါတယ်။
အစည်းအဝေးကို NUCCမှာပါဝင်တဲ့ ပြည်နယ်၊ ဖက်ဒရယ်ယူနစ် အစုအဖွဲ့တွေဘက်က ကောင်စီဝင်ခေါင်းဆောင်တွေနဲ့ အစုအဖွဲ့အသီးသီးကကောင်စီဝင်တွေတက်ရောက်ခဲ့ပြီး NUGရဲ့ Political Coordination Commission (PCC)မှာပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ ဒုဝန်ကြီးတွေနဲ့ NUG တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
NUCCကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၊ သပိတ်ကော်မတီ၊ အရပ်ဖက်အဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့နဲ့ ကြားကာလပြည်နယ်/ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုအဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာကျင်းပခဲ့တဲ့ ပထမအကြိမ်ပြည်သူ့ညီလာခံအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နဲ့ Kachin Political Interim Coordination (KPICT) တို့က နုတ်ထွက်ခဲ့ပြီး လက်ရှိမှာလည်း ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့က အဖွဲ့ဝင်အဖြစ်ယာယီနုတ်ထွက်စာတင်ထားသလို CRPHဘက်ကလည်း NUCCမှာပူးပေါင်းပါဝင်မှုတွေကိုယာယီရပ်ဆိုင်းထားပါတယ်။







Comments