top of page

တော်လှန်ရေးအောင်မြင်စေချင်တာကြောင့် NUCCလုပ်ငန်းတွေကနေယာယီရပ်ဆိုင်းတာလို့ KNPP ပြော

  • Writer: BVJ
    BVJ
  • 7 days ago
  • 1 min read

BVJ/ဂျိုး_နိုဝင်ဘာ ၁၉၊ ၂၀၂၅

KNPPအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်
KNPPအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဟာ NUCCနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

NUCCနဲ့ နိုင်ငံရေးဦးတည်ချက်ချင်းမတူတော့တာကြောင့် ယာယီရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ KNPP အတွင်းရေးမှူးဦးအောင်ဆန်းမြင့်က Burma VJကိုပြောပါတယ်။


“ကျနော်တို့ နိုင်ငံရေးဦးတည်ချက်ကိုသွားရောက်ဖို့ လုပ်ငန်းအကောင်အထည်ဖော်တဲ့အခါမှာ အနည်းငယ်လုပ်ပုံကိုင်ပုံလေးတွေ ကွဲလွဲမှုရှိတယ်။ တချို့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေးတွေ သွားချင်တဲ့ပုံစံလေးတွေ အဲတာလေးတွေကတော့ ကျနော်တို့ကြားမှာညှိနှိုင်းရတာတွေရှိပါတယ်။ ဒါလေးတခုပါပဲ။ ဒီအတွက်ကို ကျနော်တို့က ကြိုတင်ပြင်ဆင်ကြဖို့ လိုတာပေါ့နော်။ ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်လို့ ကျနော်တို့နားလည်လို့ပါ”


NUCCနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ငန်းတွေအားလုံးကို ယာယီရပ်ဆိုင်းလိုက်တဲ့ အကြောင်းကြားစာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ရက်နေ့ကတည်းက NUCCကိုပို့ဆောင်ထားပေမယ့် လက်ရှိအထိတော့ အကြောင်းတစုံတရာတုန့်ပြန်လာတာမရှိသေးဘူးလို့လည်း ဦးအောင်ဆန်းမြင့်ကပြောပါတယ်။


“ကျနော်တို့အခု စာအကြောင်းကြားထားတာက ၁၇ရက်နေ့ကမှ အကြောင်းကြားထားတာဆိုတော့ သူတို့အဖွဲ့ဝင်တွေလည်း ဆွေးနွေးနေကြတုန်းပဲလို့ကျနော်ထင်ပါတယ်။ ကျနော်တို့ နုတ်ထွက် တယ်လို့တော့မပြောပါဘူး။ ကျနော်တို့ ယာယီရပ်ဆိုင်းတယ်လို့ပဲ ပြောပါတယ်”


ဒါ့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အနေနဲ့ NUCCနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကိုယာယီရပ်ဆိုင်းလိုက်တာဟာ တော်လှန်ရေးကိုသစ္စာဖောက်တာမဟုတ်သလို တော်လှန်းရေးကိုအောင်မြင်စေချင်တာကြောင့်ဖြစ်တယ်လို့လည်း ပြောပါတယ်။


“ကျနော်တို့ကတော့ တခြားအကြောင်းအရာတွေကြောင့် အခုလိုမျိုးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေကနေခွဲထွက်လိုက်တာ မဟုတ်ပါဘူး။ တော်လှန်ရေးအပေါ်မှာသစ္စာဖောက်တာလည်းမဟုတ်ဘူး။ ခွဲထွက်ဖို့လည်းမဟုတ်ဘူး။ ကျနော်တို့ တော်လှန်ရေးကို ဒီထက်ပိုပြီးတော့အောင်မြင်စေချင်တယ်။ ထိရောက်စေချင်တဲ့ စိတ်ဆန္ဒပဲရှိပါတယ်။ KNPPအနေနဲ့ လည်း စစ်အာဏာရှင်နဲ့အာဏာရှင်ချုပ်ငြိမ်းရေး နောက်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက်ရှေ့ဆုံးကနေရှိပါတယ်”


အလားတူပဲ ကရင်အမျိုးသားအစည်းအရုံး (KNU)ကလည်း NUCCအဖွဲ့ဝင်လုပ်ငန်းတွေကနေ ယာယီရပ်ဆိုင်းလိုက်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာကြောင့် Burma VJအနေနဲ့ ဒီပေါ်မှာအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ree

NUCCကို စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ ဖက်ဒရယ်ယူနစ်တွေ၊ လူမျိုးအလိုက်အတိုင်ပင်ခံကောင်စီတွေ၊ KNU၊ KNPP၊ ABSDFတို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေ၊ CDMလှုပ်ရှားမှုမှာပါဝင်သူတွေ၊ အမျိုးသမီး၊လူငယ်အဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းစတဲ့ အစုအဖွဲ့တွေနဲ့ ၂၀၂၁ခုနှစ်၊ မတ်လ ၈ရက်မှာစတင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။


လက်ရှိမှာတော့ NUCCဖွဲ့စည်းရာမှာပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နဲ့ ကချင်ကြားကာလနိုင်ငံရေးဆိုင်ရာလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ရန်အတွက်ဖွဲ့စည်းထားတဲ့ Kachin Political Interim Coordination Team (KPICT)တို့ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကတည်းက NUCCကနေ နုတ်ထွက်ထားကြပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page