အင်ဒိုနီးရှားဆွေးနွေးပွဲမှာ စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ လုံးဝတွေ့ဆုံခဲ့တာမရှိကြောင်း NUCC အသိပေး
- BVJ

- Dec 4
- 1 min read
BVJ/ဂျိုး_ဒီဇင်ဘာ ၄၊ ၂၀၂၅

အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၅ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံတွေမျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပေမယ့် စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ ဘယ်နေရာ၊ ဘယ်အခြေအနေမှာမှ တွေ့ဆုံခဲ့တာမရှိဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)က မနေ့က ဒီဇင်ဘာ ၃ရက်ညပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ စစ်အုပ်စုဘက်ကကိုယ်စားလှယ်တွေလုံးဝမပါဝင်ဘူးလို့ Office of Special Envoy on Myanmar Issue (အင်ဒိုနီးရှားနိုင်ငံ)ဘက်ကပြောဆိုခဲ့တာကြောင့် NUCCဘက်ကကိုယ်စားလှယ် နှစ်ဦးကိုစေလွှတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာတော့ အင်ဒိုနီးရှား Special Envoy on Myanmar ရုံးအဖွဲ့ကမျှဝေတဲ့ “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများ" ကို လေ့လာခဲ့ကြပြီး ပါဝင်တက်ရောက်သူတွေအကြား လေ့လာတွေ့ရှိမှုတွေအပေါ် အမြင်တွေဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့လည်း NUCCဘက်ကပြောဆိုထားပါတယ်။
ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ရက်နေ့ကနေ ၃၀ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး NUCCအပြင် တခြားတော်လှန်ရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်းတက်ရောက်ခဲ့တယ်လို့ NUCCဘက်ကဆိုထားပါတယ်။ ဒါပေမယ့် ဘယ်တော်လှန်ရေးအဖွဲ့တွေ ကိုယ်စားလှယ်တွေတက် ရောက်ခဲ့သလဲဆိုတာကိုတော့ တိတိကျကျဖော်ပြထားတာမတွေ့ရပါဘူး။
လက်ရှိမှာတော့ ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ NUCCအပေါ် ဝေဖန်မှုတွေရှိနေတာကြောင့် အခုလို ထုတ်ပြန်ရတာဖြစ်သလို NUCCအနေနဲ့တော်လှန်ရေးအောင်မြင်မှုကိုရှေးရှုပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ကတိကဝတ်တွေနဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာ ဆက်လက် ကိုင်စွဲရပ်တည်သွားမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။
အခုဆွေးနွေးပွဲကို NUCC၊ NUG၊ KNU၊ CNF ၊ CRPH RCSS၊ PNLOစတဲ့ အစုအဖွဲ့တွေနဲ့ အာဏာသိမ်းစစ်အုပ်စုဘက်က ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တို့ပါဝင်သလို နှစ်ဖက်တွေ့ဆုံမှုကိုလက်မခံတာမျိုးတွေရှိတာကြောင့် အင်ဒိုနီးရှားဘက်က သီးခြားစီခွဲတွေ့ခဲ့တယ်ဆိုပြီးလည်း ဘီဘီစီမြန်မာပိုင်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။







Comments