ဗိုလ်ဓူဝံကိစ္စ စစ်ဆေးမေးမြန်းနေပြီဖြစ်ကြောင်း နေပြည်တော်PDFတပ်ဖွဲ့ ထုတ်ပြန်
- BVJ

- 11 hours ago
- 1 min read
အီးကေ/BVJ_နိုဝင်ဘာ ၂၄၊ ၂၀၂၅

အမျိုးသမီးတစ်ဦးကို ၂၀၂၅ခုနှစ် နိုဝင်ဘာ၈ရက်နေ့က ရိုက်နှက်ခြိမ်းခြောက်ခဲ့မှုနဲ့တိုင်ကြားခံထားရတဲ့ နေပြည်တော်တိုင်းစစ်ဌာန စစ်ထောက်အရာရှိ ရဲဘော်ဓူဝံကိစ္စနဲ့ပတ်သက်ပြီး ခေါ်ယူမေးမြန်းစစ်ဆေးမေးမြန်းမှုတွေစတင်လုပ်နေပြီလို့ နေပြည်တော်PDFတပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ၂၄ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကရင်နီပြည်နယ်အခြေစိုက် နေပြည်တော်PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံကို အမျိုးသမီးတစ်ဦးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊လက်နက်နဲ့ ခြိမ်းခြောက်မှုတွေနဲ့အရေးယူပေးဖို့ ကျူးလွန်ခံရတဲ့အမျိုးသမီးဖြစ်တဲ့အသက်၄၂နှစ်အရွယ် မသန္တာအောင်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က တိုင်ကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကရင်နီပြည်ရဲတပ်ဖွဲ့-KSP၊ ကရင်ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC ၊ ကရင်နီတပ်ပေါင်းစု စစ်ဦးစီးအဖွဲ့၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတတို့အပြင် အမျိုးသမီးလှုပ်ရှားတဲ့အဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး၊ IECရဲ့ အမျိုးသမီးနဲ့ကလေးသူငယ်ဌာနတွေကိုလည်း ကျူးလွန်ခံရသူမသန္တာအောင်က တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။
နေပြည်တော်PDF စစ်ထောက်ချုပ်ဗိုလ်ဓူဝံရဲ့ ရိုက်နှက်ခြိမ်းခြောက်ခံရတဲ့ မသန္တာအောင်ဟာ ဗိုလ်ဓူဝံဇနီးနဲ့ရင်းနှီးသူဖြစ်ပြီး ဒီးမော့ဆိုအနောက်ခြမ်းက ဒေသခံနဲ့စစ်ဘေးရှောင်တွေ အလုပ်အကိုင်အခွင့်အရေးရရှိစေရေးအတွက် လက်မှုပညာသင်တန်းကျောင်း Crochet for Karenni တည်ထောင်ထားသူဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ရဲ့ လမ်းညွှန်မှုကိုခံယူပြီးဆက်လက်ဆောင်ရွက်သွားမယ်လို့ နေပြည်တော်PDFကထုတ်ပြန် ထားတဲ့အတွက် PDFတပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်ကို Burma VJ ကမေးမြန်းထားပေမယ့် လတ်တလောမှတ်ချက်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
နေပြည်တော် PDFတပ်ဖွဲ့ကို မြို့နယ်ရှစ်မြို့နယ်ကလူငယ်တွေနဲ့ ၂၀၂၁ခုနှစ် မေလ ၅ ရက်နေ့ကစတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။







Comments