စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲ အကျိုးမရှိဟု မလေးနိုင်ငံခြားရေးဝန်ကြီး ပြော
- BVJ

- May 26, 2025
- 1 min read
BVJ/Moore _ မေ ၂၆ ၊ ၂၀၂၅

စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ ပြည်သူအားလုံးပါဝင်နိုင်မယ့် ရွေးကောက်ပွဲမျိုးမဟုတ်ဘူးဆိုရင် အကျိုးမရှိ အချည်းနှီးသာဖြစ်လိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟန်ဆန်က မေ ၂၅ ရက်မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အခု ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေချိန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလာတာဖြစ်ပါတယ်။ စစ်ကောင်စီရွေးကောက်ပွဲကို အတိုက်အခံအစုအဖွဲ့တွေနဲ့ နိုင်ငံရေးအင်အားစုတွေက ဆန့်ကျင်နေကြပြီး လက်ရှိစစ်ရေးပဋိပက္ခပြင်းထန်နေချိန် အပစ်အခတ်ရပ်စဲရေးကို ကနဦးအကောင်အထည်ဖော်သင့်တယ်လို့လည်း ဆိုပါတယ်။
“ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ရေရှည်မှာ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် မြန်မာစစ်တပ် (စစ်ကောင်စီ) အနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးကို ဆက်ပြီးသက်တမ်းတိုးဖို့နဲ့ ဒီဟာနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ မိုဟာမက်ဟန်ဆန်က အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ငလျင်ဘေးဒဏ်သင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကို တစ်လသက်တမ်းတိုးထားတယ်လို့ ထုတ်ပြန်ထားပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ သူတို့ကိုယ်တိုင် သဘောတူလက်မှတ်ရေးထိုးထားတဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို လိုက်နာဖို့လိုအပ်ပြီး အဓိကအချက် နှစ်ခုဖြစ်တဲ့ အပစ်အခတ် ချက်ချင်းရပ်စဲရေးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နေပြည်တော်ကို လာရောက်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ မိုဟာမက်ဟန်ဆန်က ဖိအားပေးပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်ကလည်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သီးသန့်တွေ့ဆုံခဲ့ချိန် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ကိုလည်း ဖိအားပေးပြောဆိုခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး နောက်တစ်ရက် (ဧပြီ ၁၈ ရက်)မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ မလေးရှားဝန်ကြီးချုပ်တို့ အွန်လိုင်းကနေတဆင့် တွေ့ဆုံခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါသေးတယ်။
Ref: The Strait Times






Comments