top of page

မြန်မာစစ်ခေါင်းဆောင်ကိုစည်းရုံးမယ့် မလေးဝန်ကြီးချုပ် အကြံအစည် အောင်မြင်ပါ့မလား

  • Writer: BVJ
    BVJ
  • Apr 24
  • 2 min read

BVJ/အေတီ၊ အိုင်းရစ် _ ဧပြီ ၁၆ ၊ ၂၀၂၅

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် (Photo: Bangkok Post)
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် (Photo: Bangkok Post)

ငလျင်ကြောင့် အပစ်အခတ်ရပ်စဲရေး ကိုယ်တိုင်ထုတ်ပြန်ပြီး ကိုယ်တိုင်ချိုးဖောက်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့၊ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့အရေး တွေ့ဆုံဆွေးနွေးဖို့အ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြင်ဆင်နေပါတယ်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှီုင်နဲ့ မနက်ဖြန်တွေ့ဆုံဖို့ အဓိကရည်ရွက်ချက်က မြေငလျင်ကယ်ဆယ်ရေး အကူအညီပေးဖို့နဲ့ အပစ်အခတ်ရပ်စဲရေး ဆက်လက်သက်တမ်းတိုးနိုင်ဖို့ တိုက်တွန်းရေးအတွက် ဖြစ်တယ်လို့ ဧပြီ ၁၄ ရက်နေ့တုန်းက အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ပြောပါတယ်။


ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုဟာ တရားဝင်တွေ့ဆုံမှုမျိုးမဟုတ်ဘဲ လူသားချင်း စာနာမှုအကူအညီပေးရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးဖို့ အလွတ်သဘော တွေ့ဆုံမှုသာဖြစ်တယ်လို့ အီဘရာဟင်က အတည်ပြုပါတယ်။


မတ်လ ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်ချိန်ကတည်းက ဒီနေ့အထိ မြန်မာနိုင်ငံ ဒေသအနှံ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေပြီး ဒေသခံပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ ငလျင်ကြောင့် လူပေါင်း ၃၇၀၀ ထက်မနည်း သေဆုံးနေပြီး လူ ၂ သန်းကျော် အရေးအပေါ် အကူအညီတွေ လိုအပ်နေချိန် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်တွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။


ဒါကြောင့် ကိုယ်ထုတ်ပြန်ထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကိုတောင် မလိုက်နာတဲ့ လူတစ်ယောက်ကို အပစ်အခဆ်ရပ်စဲရေးသက်တမ်းတိုးဖို့ စည်းရုံးမယ်ဆိုတဲ့ မလေးဝန်ကြီးချုပ်ရဲ့ ရည်ရွယ်ချက်ဟာ မြန်မာ့အရေးလေ့လာသူတွေအတွက် ဝေဖန်စရာကိစ္စတစ်ခု ဖြစ်နေပါတယ်။


တစ်ဖက်မှာလည်း ငလျင်ကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မယ်လို့ ဧပြီ ၂ ရက် ည ၈ နာရီမှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲရေးထုတ်ပြန်ချက်ဟာ နာရီပိုင်း မျှသာ ကြာမြင့်ခဲ့ပြီး နောက်ထပ် ၄ နာရီခန့်အကြာ ည ၁၂ နာရီဝန်းကျင်မှာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။


လာမယ့် ဧပြီ ၂၂ ရက်မှာ စစ်ကောင်စီထုတ်ပြန်ထားတဲ့ အပစ်အခတ်ရပ်စဲရေး ကုန်ဆုံးတော့မှာဖြစ်ပြီး ငလျင်ဘေးကြောင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့အတွက် မင်းအောင်လှိုင်ကို တိုက်တွန်းမှာဖြစ်တယ်လို့ အီဘရာ ဟင်က ဆိုပါတယ်။


“ကျနော်တို့ရဲ့ တောင်းဆိုချက်ကို အပြုသဘောနဲ့ တုံ့ပြန်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျေးဇူးတင်ပါတယ်။ သူနဲ့ တွေ့ရင် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ တိုက်တွန်းသွားမယ်။ သူတို့ (မလေးရှားကယ်ဆယ်‌ရေးအဖွဲ့) ကို မြန်မာပြည်ကိုစေလွှတ်ထားတဲ့အတွက် အဲ့ဒီမှာ လုံခြုံရေး သေသေချာချာ ရှိစေချင်ပါတယ်။ မင်းအောင်လှိုင်နဲ့ တွေ့မယ့် အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်က ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကြောင့် လူသားချင်းစာနာမှု အကူအညီတွေ လွယ်ကူချောမွေ့စေ ဖို့အတွက်ပါ”လို့ မစ္စတာ အန်ဝါက ပြောပါတယ်။


ငလျင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့အတွက် ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ဧပြီ ၂ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ထားသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ယာယီအပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန် ထားကြပါတယ်။


ဒါပေမဲ့ စစ်ကောင်စီက သူကိုယ်တိုင်ထုတ်ပြန်ထားတဲ့ အပစ်အခတ်ရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး တော်လှန်ရေးတပ်တွေရှိတဲ့နေရာက စစ်ရေးပစ်မှတ်တွေနဲ့ အရပ်သားပစ်မှတ်တွေကို ဆက်တိုက်လိုလို လေယာဥ်နဲ့ ဗုံးကြဲနေဆဲဖြစ်ပါတယ်။


ဧပြီ ၁၆ ရက် မြန်မာနှစ်သစ်ကူး သင်္ကြန်အတက်နေ့ကလည်း ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်မှာ ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ကျုံဒိုးမြို့နယ် ကမ်းနီဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် သံဃာတော် ၄ ပါးနဲ့ အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။


မြန်မာနှစ်သစ်ကူးကာလမှာ ဘာသာရေးအဆောက်အအုံနဲ့ ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နေသလို စစ်ဘေးရှောင်တွေအများစုရှိရာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကိုလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ကလေးအပါအဝင် အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြပါတယ်။


တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာအာဏာသိမ်းစစ်တပ်အနေနဲ့ အကောင်အထည်ဖော်ဖို့ အာဆီယံက လိုလားနေပြီး သဘောတူညီချက်တွေကို လိုက်နာဖို့ စစ်ကောင်စီအနေနဲ့ ပျက်ကွက်တာကြောင့် အာဆီယံအစည်းအဝေးအများစုကို စစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ပိတ်ပင်ခံနေရတာ ဖြစ်ပါတယ်။


ဒါပေမဲ့ အခုလအစောပိုင်းမှာတော့ အဖွဲ့ဝင် ၇ နိုင်ငံပါတဲ့ ဘင်းစတက်အစည်းအဝေး တက်ရောက် ဖို့အတွက် စစ်ခေါင်းဆောင်အနေနဲ့ ဘန်ကောက်ကို တရားဝင်လာရောက်ခွင့်ရရှိခဲ့ပါတယ်။ ဘင်းစတက် အစည်းအဝေးခေါင်းဆောင်တွေက မြန်မာအာဏာသိမ်းစစ်တပ်ခေါင်းဆောင်ကို အခုလို ဖိတ်ကြားမှုဟာ စစ်တပ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အသိအမှတ်ပြုပေးရာရောက်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်ခဲ့ကြပါတယ်။


အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မလေးရှားနိုင်ငံက တာဝန်ယူရချိန် ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်ကောင်စီက တွေ့ဆုံဖို့ရှိနေပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ဖုန်းဆက်သွယ်ပြောကြားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း တွေ့ဆုံဖို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။


“ကျွန်တော်တို့ရဲ့ မိတ်ဖက်ဆက်ဆံရေးကို အသိအမှတ်ပြုပြီး သူ့အနေနဲ့လည်း တွေ့ဆုံစကားပြောဖို့ အဆင်သင့်ပါပဲ” လို့ မင်းအောင်လှိုင်က ပြန်လည်ဖြေကြားခဲ့တယ်လို့ အန်ဝါက ပြောပါတယ်။


ထိုင်း-မလေးရှားနယ်စပ်တစ်လျှောက် ရေကြီးရေလျှံမှုအခြေအနေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ မလေးရှားဝန်ကြီးချုပ်က တွေ့ဆုံဆွေးနွေးဖို့ရှိနေပြီး အဲဒီအစည်းအဝေးရဲ့ ဘေးဆွယ်တွေ့ဆုံမှုအနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဘန်ကောက်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။


စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းယူပြီးနောက်ပိုင်းကတည်းက မြန်မာစစ်တပ်ကို အဓိကလက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးနေတဲ့ ရုရှားနဲ့ နိုင်ငံစီးပွားရေးမိတ်ဖက်လည်းဖြစ် စစ်ကောင်စီကို နိုင်ငံရေးအရ အထောက်အပံ့ပေးနေတဲ့ တရုတ်နိုင်ငံတို့ဆီကိုသာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သွားရောက်လည်ပတ်ခွင့်ရနေတာလည်း ဖြစ်ပါတယ်။


အခုလဆန်းပိုင်းကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်ကိုရောက်ရှိချိန် သူနဲ့တွေ့ဆုံတယ်လို့ သက်ဆင်က ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်မှာ ပြောကြားခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။


“ကျွန်တော်တို့အနေနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးကို ဖန်တီးပေးချင်တာဖြစ်ပြီး တစ်ဖက်ထဲနဲ့ပဲ တွေ့ဆုံဆွေးနွေးတာမျိုး မလုပ်ပါဘူး” လို့ သက်ဆင်က ပြောပါတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးတာ ဒါမှမဟုတ် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတာမျိုးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ဖို့ ကနဦးခြေလှမ်းအစဖြစ်ပြီး ဒီအခြေအနေကို အာဆီယံအနေနဲ့လည်း မြင်တွေ့ချင်တာဖြစ်တယ်လို့ သက်ဆင်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။


မြန်မာပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းဖို့ သံတမန်ရေးနည်းလမ်းတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကြိုးပမ်းခဲ့ပေမဲ့ အောင်မြင်မှုမရရှိခဲ့သလို ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာလည်း တိုးတက်မှုမရှိ တာကြောင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အစည်းအဝေးတွေမှာ ချန်လှပ်ထားတာလည်း ဖြစ်ပါတယ်။


အာဆီယံအဖွဲ့အပါအဝင် နိုင်ငံတကာကတိုက်တွန်းချက်ကို လက်မခံတဲ့ ကိုယ်ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို ပြန်ချိူးဖောက်ပြီး လူတွေကို နေ့စဥ်ဗုံးကြဲသတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်လို အာဏာသိမ်းစစ်ခေါင်းဆောင် ကို စည်းရုံးမယ်ဆိုတဲ့ မလေးဝန်ကြီးချုပ် အန်နဝါရီအီဘရာဟင်ရဲ့ အကြံအစည်အောင်မြင်ပါ့မလားဆိုတာကတော့ မကြာခင်ရက်ပိုင်းအတွင်း အဖြေထွက်လာတော့ မှာဖြစ်ပါတယ်။


မှတ်ချက် ။ ထိုင်းသတင်းဌာန ဘန်ကောက်ပို့စ်ပါ Anwar plots Myanmar peace deal ဆောင်းပါးပါ အကြောင်းအရာအချို့ကို ဆီလျော်အောင်ဘာသာပြန် ဖော်ပြထားခြင်းဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page