ဒေါ်အောင်ဆန်းစုကြည်နဲ့ICRCတွေ့ဆုံမှု NLDအသိအမှတ်ပြု
- BVJ

- 7 days ago
- 1 min read
အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံနိုင်ရေး ဆက်တိုက်တွန်း
ယူဂရင်း/BVJ_သြဂုတ် ၅၊ ၂၀၂၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ-ICRCကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့တဲ့အပေါ်အလေးထားစောင့်ကြည့်နေပြီး ICRCရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုတွေကို အသိအမှတ်ပြုတယ်လို့ NLDဗဟိုအလုပ်ကော်မတီ(CWC)က ဒီနေ့ သြဂုတ် ၅ရက်မနက်မှာ ထုတ်ပြန်ပါတယ်။
ဒါပေမယ့် အခုတွေဆုံမှုကိုကောက်ချက်ချမစောဖို့နဲ့ ICRCရဲ့လုပ်ငန်းတာဝန်တွေကို အပြည့်အဝဆောင်ရွက်ခွင့်ရှိမရှိကို ဆက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ NLDကပြောထားပါတယ်။
"ယခုကဲ့သို့တွေ့ဆုံမှုတရပ်တည်းအပေါ်မူတည်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းသည် အပြုသဘောဆောင်သော အလှည့်အပြောင်းတရပ်ဖြစ်ပေါ်လာပြီဟု ဆောလျင်စွာ ကောက်ချက် ချခြင်းမပြုမိကြရန် သတိချပ်စေအပ်ပါသည်"

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့်နည်းလမ်းဟာ ပြည်သူလူထုရဲ့ဒီမိုကရေစီ ဆန္ဒကိုလေးစားခြင်း၊ အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ခြင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းနဲ့သက်ဆိုင်သူအားလုံးပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အကောင်အထည်ဖော်ခြင်းသာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာ အာဆီယံရဲ့ဘုံသဘောတူညီချက် (၅) ချက်ကိုအခြေခံပြီး အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်း စာနာထောက်ထားရေးအကူအညီတွေ အတားအဆီးမရှိပေးပို့နိုင်ရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့အဓိပ္ပာယ်ပြည့်ဝတဲ့ ထိတွေ့ဆက်ဆံမှုတွေဖြစ်ပေါ်လာရေးကို ဆက်လက်တိုက်တွန်းကြောင်းနဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံနိုင်ခွင့်ရရှိရေး၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေပေါ်ပေါက်ဖြစ်ထွန်းရေးတို့ကတဆင့် လက်တွေ့ကျတဲ့ခြေလှမ်းတွေပေါ်ပေါက်လာခြင်းတို့ကသာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကတိုးတက်လာမှု အညွှန်းကိန်းတွေအဖြစ် သတ်မှတ်နိုင်တယ်လို့လည်း NLDကထုတ်ပြန်ပါတယ်။
NLDရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ အသက်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ကျန်းမာရေးအတွက် လုံလောက်တဲ့အစားအသောက်ရရှိရေးတို့အပြင် မိသားစုဝင်တွေရှေ့နေတွေနဲ့ လွတ်လပ်စွာတွေ့ဆုံဆက်သွယ်ခွင့်ရရှိရေးတို့ကို နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေနဲ့ အညီ အပြည့်အဝရရှိနိုင်ရေး အာမခံဆောင်ရွက်ပေးဖို့ကိုလည်း ICRCကိုအကြံပြုတိုက်တွန်းထားပါသေးတယ်။
အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRCဌာနေကိုယ်စားလှယ်တို့တွေ့ဆုံခဲ့တဲ့အပေါ် EU၊UKနဲ့ကုလသမဂ္ဂတို့ကလည်း ကြိုဆိုကြောင်းထုတ်ပြန်ခဲ့ပြီး ပြန်လွှတ်ပေးဖို့ကိုတိုက်တွန်းခဲ့ကြပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ထိုင်းအစိုးရရဲ့ဖိတ်ကြားမှုနဲ့ မနက်ဖြန် သြဂုတ် ၆ရက်နဲ့၇ရက်မှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကိုလာဖို့ရှိနေပါတယ်။
ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်အနုတင်ဟာလည်း အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို သြဂုတ်လ ၄ ရက်နေ့ကရောက်ရှိချိန်မှာ မြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ဆိုပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုတိုက်တွန်းတာမျိုးတွေ ရှိနေပါတယ်။




Comments