သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ပေါ်ပေါက်လာရေး NLDထပ်တိုက်တွန်း

ယူဂရင်း/BVJ_စက်တင်ဘာ ၁၅၊ ၂၀၂၆

လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ပြည်သူတွေအပေါ် အကြမ်းဖက်မှု လျော့ကျစေရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေအပါအဝင် သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးတို့ကို အလေးထားဆောင်ရွက်ဖို့လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ(NLD-CWC)က ထပ်မံတိုက်တွန်းလာပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၅ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHက ဦးဆောင်ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို NLDကသဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပြီး အဲ့ဒီမှာထည့်သွင်းဖော်ပြထားတာပါ။
"ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးမျှော်မှန်းချက်သည် ပြည်သူ့လူထု၏ဆန္ဒကို လေးစားသည့် ဒီမိုကရေစီစနစ်၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို အခြေခံ၍ ပြည်ထောင်စုကြီး ရေရှည်ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအထိ ရည်မှန်းထားခြင်းဖြစ်ပါသည်။ နိုင်ငံရေးပြဿနာများကို အင်အားသုံးဖြေရှင်းခြင်းထက် တွေ့ဆုံဆွေးနွေးမှုနှင့် ငြိမ်းချမ်းသောနိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အလေးထားခဲ့ခြင်းသည်လည်း ထိုမျှော်မှန်းချက်၏ အရေးပါသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်"လို့ NLDကပြောထားပါတယ်။
ဒါကြောင့် အားလုံးပါဝင်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်ကသာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာတဲ့အခြေခံတွေကို ဖန်တီးနိုင်မှာဖြစ်တယ်လို့လည်း သဝဏ်လွှာထည့်သွင်းဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ရက်မှာလည်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေ လွတ်လပ်စွာပါဝင်ဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးနိုင်ရေးလိုအပ်ကြောင်းနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းတွေနဲ့သာဖြေရှင်းရမယ်လို့ယုံကြည်ထားပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာရေးမူကိုသာ အစဉ်အမြဲကိုင်စွဲထားတယ်ဆိုပြီး NLDကသဘောထားထုတ်ပြန်ခဲ့ပါသေးတယ်။




Comments