ဘတ်သန်းနဲ့ချီလိမ်လည်နေတဲ့ ဗီယက်နမ်ကျားဖြန့်ဂိုဏ်းတခုကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ
- BVJ

- Jun 12
- 1 min read
BVJ/Moore _ ဇွန် ၁၂ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့စွန် အဆင့်မြင့်အိမ်ရာတခုကို ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)လုပ်ကိုင်နေတဲ့ ဗီယက်နမ်နိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဒေသဆိုင်ရာရဲအရာရှိ ၁၉၁ ဦးနဲ့အတူ လက်ထောက်ကြီးကြပ်ရေးမှူး ရဲမှူးကြီး Paiboon Sorso ဦးဆောင်တဲ့အဖွဲ့ဟာ ဗီယက်နမ်ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းချိန် ဖုန်း ၁၁၆ လုံး၊ ကွန်ပျူတာ ၄၅ လုံးနဲ့ ကက်တမင်း ၅ ဂရမ်ကိုလည်း သက်သေနဲ့တကွ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့သတင်းပေးချက်အရ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုက အိမ်နှစ်လုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ တရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုကို အသွင်ယူလုပ်ကိုင်နေပြီး နောက်ကွယ်မှာ ကျားဖြန့်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ပါဝင်ပြီး သူတို့တွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ထိုင်းနိုင်ငံတွင်း အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်ကာ ကျားဖြန့်လုပ်ကိုင်ဖို့ ပြင်ဆင်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ဗီယက်နမ်ငွေလိမ်ဂိုဏ်းဟာ အစီအစဉ်တကျ အချိန်ယူလိမ်လည်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဘတ်သန်းနဲ့ချီလိမ်လည်မှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ ဆက်လက်စုံစမ်းစစ်ဆေးမှုအရ သူတို့တွေက တခြားဗီယက်နမ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အစီအစဉ်တကျနဲ့ လုပ်ကြံဇာတ်လမ်းဖန်တီး ငွေလိမ်လည်မှုတွေ လုပ်ဆောင်နေကြတာပါ”လို့ လက်ထောက်ကော်မရှင်နာ ထိုင်းရဲချုပ် Noppasil Poonsawas က ပြောပါတယ်။
ငွေလိမ်ဂိုဏ်းလုပ်ဆောင်နေသူတွေက ဗီယက်နမ်နိုင်ငံသားအများဆုံး အသုံးပြုတဲ့ Zalo မှာ Profile အတုတွေဖန်တီးပြီး ဝင်ငွေကောင်းတဲ့ကျွမ်းကျင်ပညာရှင် ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူတွေလို လုပ်ဆောင်ကာ အစီအစဉ်တကျ လုပ်ကြံဇာတ်လမ်းဖန်တီးပြီး အချိန်ယူငွေလိမ်လည်မှုတွေ လုပ်ဆောင်ကြတာလည်း ဖြစ်ပါတယ်။
သိမ်းဆည်းရမိတဲ့ ကွန်ပျူတာ၊ ဖုန်းနဲ့ သက်သေခံပစ္စည်းတွေကို ဆက်လက်စစ်ဆေးရာ ပစ်မှတ်ထားငွေလိမ်လည်မှုကနေ တစ်လကို ဘတ် ၃၉ သန်းဝန်းကျင်အထိရရှိထားတာကိုလည်း ထိုင်းအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဗီယက်နမ်ငွေလိမ်ဂိုဏ်းက အလုပ်သမားတစ်ဦး တစ်လ လစာ ၁၂၀၀၀ ဘတ်ပေးထားပြီး ငွေလိမ်လည်မှုအောင်မြင်ပါက ဆုအပိုကြေး ဘတ် ၂၅၀၀၀ ထပ်မံရရှိပါသေးတယ်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ကိုင်နေသူတွေ၊ ဘဏ်အကောင့်တုတွေနဲ့ မသင်္ကာသူတွေကို ဆက်လက်ရှာဖွေဖော်ထုတ်သွားမှာဖြစ်သလို နှိမ်နင်းမှုတွေကို ပိုမိုပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ် Kitrat Panphet ကလည်း ပြောကြားထားပါတယ်။







Comments