မိုင်းလားမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ လက်မခံထားဘဲ စစ်ကောင်စီနဲ့သာ ပူးပေါင်းမယ်လို့ NDAA ဆို
- BVJ

- May 26
- 1 min read
BVJ/မိုနာ_ မေ ၂၆၊ ၂၀၂၅

မိုင်းလားဒေသအတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကို လက်ခံထားတာမရှိဘူးလို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့-NDAA(မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်ပါတယ်။
မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမှ လက်ခံထားခြင်းမရှိကြောင်းနဲ့ မိမိတို့အနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းရပ်တွေအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးစန်ပေ့က ပြောခဲ့ကြောင်း စစ်ကောင်စီရဲ့ဒီနေ့ထုတ်သတင်းစာတွေမှာ ဖော်ပြလာတာပါ။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကိုရောက်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NDAA (မိုင်းလား)က ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ မနေ့က မေ ၂၅ရက်က တွေ့ဆုံချိန်မှာ ပြောခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ဒေသတွင်း ပညာရေး၊ ကျန်းမာရေးနဲ့လမ်းပန်းဆက်သွယ်ရေးတို့မှာ စစ်ကောင်စီဘက်က ဆက်လက်ကူညီပေးဖို့ အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ကလည်း မိုင်းလားဒေသအတွက်လိုအပ်တာတွေ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်းနဲ့ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးနဲ့နိုင်ငံ့အကျိုးဖော်ဆောင်ကြဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတွေ့ဆုံဆွေးနွေးမှုကို NDAA (မိုင်းလား)ဘက်က ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ဒုတိယဥက္ကဋ္ဌ ဦးဆန်လူ၊ ဦးကြည်မြင့်တို့နဲ့ စစ်ကောင်စီဘက်က စစ်ခေါင်းဆောင်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက အဆင့်မြင့်တပ်မတော်အရာရှိကြီးတို့ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မိုင်းလားအဖွဲ့- NDAA ဟာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တခုဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားဒေသကို အထူးဒေသ ၄ အဖြစ်သတ်မှတ် အုပ်ချုပ်နေတာဖြစ်ပါတယ်။







Comments