NCGUBဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းကွယ်လွန်
- BVJ

- Feb 9
- 1 min read
BVJ_ဖေဖော်ဝါရီ ၆၊ ၂၀၂၆

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းဟာ ဒီနေ့ဖေဖော်ဝါရီ ၆ရက်၊ သောကြာနေ့မှာ ၉၆ပါးရောဂါနဲ့ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Suburbanဆေးရုံမှာကွယ်လွန်သွားပြီဖြစ်ပါတယ်။
ဒေါက်တာစိန်ဝင်းအတွက် သက်ပျောက်တရားနာ၊အမျှပေးဝေခြင်းကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ မင်္ဂလာရာမကျောင်းတိုက်မှာ ဒီနေ့ည ၇နာရီမှာကျင်းပမယ်လို့သိရပါတယ်။
ကွယ်လွန်သူNCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုကြီး အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၊အမိ ဒေါ်ခင်စောတို့ က ၁၉၄၄ခုနှစ်၊ဒီဇင်ဘာ(၁၆)ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝမ်းကွဲအကိုဖြစ်ပြီး ၁၉၆၅ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သိပ္ပံ(သင်္ချာ)ဂုဏ်ထူးဘွဲ့၊ ၁၉၇၄ခုနှစ်မှာ ဂျာမနီဟမ်းဘတ်တက္ကသိုလ်ကနေ မဟာသိပ္ပံဘွဲ့၊ ၁၉၇၉ခုနှစ်မှာဟမ်းဘတ်တက္ကသိုလ်ကနေ ဒေါက်တာ(ပါရဂူ-သင်္ချာ) Ph.Dဘွဲ့ ရရှိခဲ့ပါတယ်။

၁၉၉၀ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမီကရေစီပါတီကိုယ်စားပြုပြီး ပေါက်ခေါင်းမြို့နယ်ကဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါတယ်။
၁၉၉၀ရွေးကောက်ပွဲမှာ NLDပါတီက သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပေမယ့် စစ်တပ်ကအာဏာလွှဲပြောင်းပေးခြင်းမရှိခဲ့တာကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တွေစုစည်းပြီး ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်နေ့က ကရင်ပြည်နယ် မာနယ်ပလောမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက်၈၃နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူဒေါ်စီစီသွယ်၊ သမီး မလပြည့်စိန်ဝင်းနဲ့ သား မောင်လရောင်စိန်ဝင်းတို့ ကျန်ရစ်ခဲ့ပါတယ်။




Comments