NCAကစက္ကူစုတ်တခုဖြစ်သွားတာကြောင့် UN၊ASEANနဲ့ နိုင်ငံတကာသံတမန်တွေအနေနဲ့ NCAနှစ်ပတ်လည်ပွဲမတက်ကြဖို့ လက်မှတ်ထိုးအဖွဲ့တွေတိုက်တွန်း
- BVJ

- Oct 13
- 1 min read
မိုနာ/BVJ_အောက်တိုဘာ ၁၃၊ ၂၀၂၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး NCAကိုလက်မှတ်ထိုးရေးထိုးထားတဲ့အဖွဲ့ ၅ဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF၊ ချင်းအမျိုးသားတပ်ဦး-CNF၊ကရင်အမျိုးသားအစည်းအရုံး-KNU၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး-LDUနဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD)တို့က ဒီနေ့အောက်တိုဘာ ၁၃ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။
အဲ့ဒီပူးတွဲကြေညာချက်ထဲမှာ NCAလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ကာလအတွင်း စစ်တပ်ဟာလုပ်ငန်းစဉ်တွေကို လွှမ်းမိုးထိန်းချုပ်ခြင်း၊ တဖက်သတ်ပိတ်ဆို့ပြီး NCAသဘောတူညီချက်တွေကို အကောင်အထည်မဖော်နိုင်အောင်တားဆီးခြင်းတွေပြုလုပ်ခဲ့သလို စာချုပ်ပါ သဘောတူညီချက်တွေကိုအကြိမ်ကြိမ်ချိုးဖော်တာတွေရှိခဲ့ပေမယ့် သဘောတူညီချက်အချို့ရအောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်းနဲ့ ၂၀၂၁ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုမှာ NCAစာချုပ်ပါအခြေခံမူတွေနဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီဖြစ်တာကြောင့် NCAလုပ်ငန်းစဉ်တွေရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ်ကိုရောက်ရှိသွားစေတယ်လို့ ဖော်ပြပါတယ်။

NCAစာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းမှုလည်းမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့စစ်အုပ်စုက ပြည်သူလူထုကို အင်အားသုံးပုံစံအမျိုးမျိုးနဲ့ဖမ်းဆီးသတ်ဖြတ်၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း NCAလက်မှတ်ထိုး ၅ဖွဲ့နဲ့ NMSP(AD)ကထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ NCAအမည်ခံပြီး ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင် ရွေးကောက်ပွဲတို့ဟာ စစ်အာဏာရှင်တွေက နိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေး၊ တရားမှုရှိဖို့ကြိုးပမ်းနေခြင်းတို့သာဖြစ်တယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒါကြောင့် လာမယ့် အောက်တိုဘာ ၁၅ရက်မှာ ၁၀နှစ်ပြည့်သွားပြီဖြစ်တဲ့ NCAနှစ်ပတ်လည်ကိုစစ်အုပ်စုက ပြုလုပ်ဖို့ပြင်ဆင်နေပြီး အဲ့ဒီပွဲကို UN၊ ASEANနဲ့ နိုင်ငံတကာသံတမန်တွေအနေနဲ့မတက်ရောက်ကြဖို့ကို တိုက်တွန်းထားပါတယ်။
NCAနှစ်ပတ်လည်ပွဲကိုမတက်ရောက်ခြင်းနဲ့ ပြည်သူလူထုနဲ့အတူရပ်တည်ကြောင်း ပြသဖို့ကိုလည်းတိုက်တွန်းထားပါတယ်။

အခုပူးတွဲထုတ်ပြန်တဲ့ NCAလက်မှတ်ထိုး ၅ဖွဲ့နဲ့NMSP(AD)အနေနဲ့လည်း စစ်တပ်ကနိုင်ငံရေးမှာပါဝင်မှုမရှိစေရေး၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိစေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲနိုင်ဖို့အတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ထူထောင်နိုင်တဲ့အထိ တစိုက်မတ်မတ်တိုက်ပွဲဝင်နေမယ်လို့လည်း ကြေညာပါတယ်။
ဓါတ်ပုံ-ABSDF၊ KNU၊ CNFတပ်ဖွဲ့ဝင်များ







Comments