နေပြည်တော်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရောက်လာ

BVJ_နိုဝင်ဘာ ၁၂၊ ၂၀၂၆

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာရဲ့နောက်ဆုံးအခြေအနေတွေသိနိုင်ဖို့အတွက် အာဏာသိမ်းစစ်အုပ်စုနဲ့ဆွေးနွေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက်ဟာ ဒီနေ့ နိုဝင်ဘာ ၁၂ရက်နေ့လယ်မှာ မြန်မာနိုင်ငံကိုရောက်ရှိလာပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့တွေ့ဆုံဖို့ရှိပြီး မြန်မာနဲ့ဖြစ်နေတဲ့ မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခ၊ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု ထိန်းသိမ်းရေးကိစ္စတွေကိုဆွေးနွေးသွားဖို့ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၈ နေ့အထိ သုံးရက်ကြာကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမတိုင်မီရက်ပိုင်းအလိုမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံလာရောက်ခဲ့တာဖြစ်ပြီး အာဆီယံမှာ မြန်မာအပြည့်အဝပါဝင်တက်ရောက်နိုင်ရေးအတွက် ကြိုးပမ်းပေးသွားမယ့်အကြောင်းကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ကပြောထားတာရှိပါတယ်။
ဒါပေမယ့် မနေ့က နိုဝင်ဘာ ၁၁ရက်ကပဲ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဘဲ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူကိုသာတက်ရောက်ခွင့်ပြုမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးမြန်မာနိုင်ငံကိုသွားရောက်မယ့် ခရီးစဉ်ကို ထိုင်းဘက်ကတရားဝင်အသိပေးထုတ်ပြန်ခဲ့ပေမယ့် အာဏာသိမ်းစစ်အုပ်စုဘက်ကတော့ အခုချိန်ထိထုတ်ပြန်တာမျိုးမရှိသေးပါဘူး။




Comments