မြန်မာနိုင်ငံအတွင်းဝင်ခွင့်မရတဲ့ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာမယ်

သူရ/BVJ_နိုဝင်ဘာ ၁၁၊ ၂၀၂၆

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီ အီး ကာရီ (Kelley E. Currie)ဟာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ သွားရောက်လေ့လာသွားဖို့ရှိတဲ့အကြောင်း ကုလသမဂ္ဂကသတင်းထုတ်ပြန်ထားပါတယ်။
ဒီခရီးစဉ်မတိုင်ခင်မှာ မြန်မာနိုင်ငံထဲကိုကိုယ်တိုင်ဝင်ရောက်ခွင့်ရဖို့ ကယ်လီ အီး ကာရီဘက်က တရားဝင်ခွင့်ပြုချက်တောင်းခံခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ လက်ခံဖို့အသင့်မဖြစ်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဝင်ရောက်ခွင့်မပေးခဲ့ပါဘူး။
သူမရဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာပိုမိုဆိုးရွားလာတဲ့ လူ့အခွင့်အရေးအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သက်ရောက်လာတဲ့ရိုက်ခတ်မှုတွေကို အထူးသံတမန်က အကဲဖြတ် ဆန်းစစ်သွားမှာပါ။ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်နေမှုတွေ၊ ပိုမိုကျယ်ပြန့်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့အခြေအနေနဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကို အဓိကထားကြည့်ရှုသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အထူးအစီရင်ခံစာတင်သွင်းသူဟာ အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူတွေနဲ့ လွတ်မြောက်လာသူတွေအပါအဝင် အခြားသူတွေနဲ့လည်းတွေ့ဆုံသွားမှာပါ။ ခရီးစဉ်အတွင်း ဒါကာမြို့အပြင် ကော့က်စ်ဘဇားမြို့နဲ့ ကော့က်စ်ဘဇား ခရိုင်အတွင်းမှာရှိတဲ့ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုသွားမှာဖြစ်ပါတယ်။
သူမဟာ နိုဝင်ဘာ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ UNCP (UN House)မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။
အထူးအစီရင်ခံစာတင်သွင်းသူဟာ သူမရဲ့ နောက်ထပ်အစီရင်ခံစာကို ၂၀၂၇ ခုနှစ်၊ မတ်လမှာပြုလုပ်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းသွားမှာပါ။
ကယ်လီ အီး ကာရီ (Kelley E. Currie) ရဲ့ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ပတ်သက်တဲ့ ဗီဒီယိုကို ဒီ https://www.facebook.com/reel/2183164882619761 လင့်ကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။




Comments