ရေနံမှော်နယ်မြေအတွင်းက KTVဆိုင်တွေအပြီးပိတ်ဖို့ ခရိုင်စစ်ဌာနအမိန့်ထုတ်

ယူဂရင်း/BVJ_နိုဝင်ဘာ ၁၂၊ ၂၀၂၆

တော်လှန်ရေးကာလအတွင်းတွင်ကျယ်လာတဲ့ မကွေးတိုင်း၊ ပခုက္ကူခရိုင် ပေါက်/မြိုင်မြို့နယ် ရေနံမှော်နယ်မြေအတွင်းက ကေတီဗွီ(KTV)ဆိုင်တွေအနေနဲ့ မနေ့က နိုဝင်ဘာ ၁၁ရက်မှာအပြီးပိတ်သိမ်းဖို့ဆိုပြီး ခရိုင်ကွပ်ကဲရေးအဖွဲ့က အမိန့်ထုတ်ကြေညာလာပါတယ်။
အဲ့ဒီ KTVဆိုင်ခန်းတွေမှာ အရပ်သားပြည်သူတွေသာမက တော်လှန်ရေးသမားတွေလည်း KTV အခန်းတွေထဲမှာ မူးယစ်ဆေးဝါးသုံးစွဲ ပျော်ပါးမြူးထူးနေတဲ့အပြင် သုံးစွဲခြင်း၊ရောင်းချခြင်းနဲ့ သယ်ဆောင်ခြင်းတွေကိုပါ ပြုလုပ်နေတာကိုကြားသိရတယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။
ဒါကြောင့် ပြည်သူ့အကျိုး၊ တော်လှန်ရေးအကျိုးကိုမဆောင်တဲ့ အဲ့ဒီလုပ်ငန်းတွေကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ကစပြီး အပြီးတိုင်ပိတ်သိမ်းဖို့ထုတ်ပြန်ရတာဖြစ်တယ်လို့ သိရပါတယ်။
အခုပိတ်သိမ်းခိုင်းတဲ့ထုတ်ပြန်ချက်ကို မလိုက်နာဘူးဆိုရင် ထိရောက်စွာအရေးယူမယ်လို့လည်း ပခုက္ကူခရိုင် ပကဖတာဝန်ခံနဲ့ ခရိုင်ကွပ်ကဲရေးမှူး(ယာယီ)တို့က လက်မှတ်ရေးထိုးထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပေါက်မြို့နယ်ဒေသခံတစ်ဦးကတော့ အခုလိုKTVတွေပိတ်ခိုင်းတဲ့ထုတ်ပြန်ချက်ကိုကြိုဆိုကြောင်းနဲ့ ဒီကိစ္စတွေဟာဒေသတွင်းမှာ လူထုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား ပျံ့နှံ့နေတာကြောင့် ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့ သူ့သဘောထားကိုပြောပါတယ်။



Comments