အင်အား ၆၀ခန့်ရှိတဲ့စစ်အုပ်စုအထိုင်စခန်းကို PDFဝင်တိုက်၊ တပ်ရင်းမှူးအပါအဝင် သေဆုံးသူများ
- BVJ

- Oct 22
- 1 min read
ယူဂရင်း/BVJ_ အောက်တိုဘာ ၂၂၊ ၂၀၂၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာမှာ အင်အား ၆၀ကျော်နဲ့တပ်စွဲထားတဲ့ စစ်အုပ်စုအထိုင်စခန်းကို PDFတွေက အခုလ အောက်တိုဘာ ၂၀ရက်မှာဝင်တိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေက မနေ့ကညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်ကအထိနာ ဆုတ်ခွာထွက်ပြေးသွားခဲ့တာကြောင့် ရွာသစ်ကျေးရွာ အထိုင်စခန်းနဲ့ရွာတွင်းက ကင်းစခန်းတွေအားလုံးကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး ဒရုန်းဂျမ်ပါ အထိုင်စက်ကြီး (၁)လုံး၊ MA-11 (၁)လက်၊ MA-3 (၁)လက်၊ G3 (၃)လက်၊ ၆၀မမ(၁)လက်၊ ပစ္စတို (၁)လက်၊ ၆၀မမကျည်(၅)လုံး ကျည်ဘောက်(၁၀)ခု၊ကျည်မျိုးစုံ(၁၀၀၀)ခန့်နဲ့ မီးစက် (၁)လုံးတို့ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ စစ်အုပ်စုဘက်ကတပ်ရင်းမှူး အပါအဝင်(၁၅)ဦးကျပြီး စစ်သုံ့ပန်း (၂)ဦးဖမ်းမိခဲ့ကြောင်းနဲ့ ကျသွားတဲ့တပ်ရင်းမှူးဆိုသူဟာ ဒုတိယဗိုလ်မှူးကြီး ညီညီနိုင် (လေကြောင်းရန်ကာကွယ်ရေးတပ်/လကတ-၂၀၂၉)ကဖြစ်ပြီး လက်ရဖမ်းဆီးချိန်မှာ ပစ္စတိုထုတ်ခုခံတာကြောင့် အသေပစ်ခတ်လိုက်ရတာလို့ နေပြည်တော်PDFက ပြောထားပါတယ်။

အခုစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဗျူဟာစစ်ကြောင်းက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်ကလက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားမှာပိတ်မိနေတဲ့ ကျေးရွာသားတွေကိုလည်း တိုက်ပွဲလွတ်ရာနေရာကို ကယ်ထုတ်ပေးခဲ့ကြောင်းနဲ့ လက်ရှိအချိန်မှာလည်း စစ်အုပ်စုဘက်ကစစ်ကူအင်အားဖြည့်ပြီး ပြန်တိုးလာတာကြောင့် တိုက်ပွဲငယ်တွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်တောင်းမြစ်ကမ်းဝန်းကျင်က ကျေးရွာတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ကို နေပြည်တော်PDFက သတိပေးပါတယ်။







Comments