ရဲဘော်နဲ့လက်နက်အင်အားမမျှတာကြောင့် တိုက်ပွဲဖော်ဆောင်မှုအခက်အခဲရှိနေတယ်လို့ နေပြည်တော်တပ်ရင်း ၈၀၈ပြော
- BVJ
- 4 hours ago
- 1 min read
မိုနာ/BVJ_ အောက်တိုဘာ ၁၀၊ ၂၀၂၅

ရဲဘော်အင်အားနဲ့လက်နက်အင်အားမမျှတတာကြောင် ရှေ့တန်းမလိုက်ရဘဲနေခဲ့ရတဲ့ ရဲဘော်တွေရှိနေတယ်လို့ အလယ်ပိုင်းတိုင်း၊ နေပြည်တော်တပ်ရင်း ၈၀၈က ရဲမေတွေက ပြောပါတယ်။
“ကျနော်တို့ ဆီမှာလူအင်အားလုံလုံလောက်လောက်ရှိပါရက်နဲ့ လက်နက်အင်အားမလုံလောက်တဲ့အတွက်ကြောင့်မို့ ဒီရှေ့တန်းသွားရတာတွေမှာ တိုက်ပွဲတွေသွားရတာတွေမှာ အခက်အခဲနည်းနည်းရှိတယ်။ လူအင်အားရှိပြီးတော့ လက်နက်မရှိတဲ့အခါကျတော့ တချို့ရဲဘော်တွေက လိုက်ချင်တဲ့အခါတွေကျတော့မဖြစ်ဘူးဆိုပြီး ထားခဲ့ရတဲ့အခါတွေရှိတယ်”လို့ အမျိုးသမီးရဲဘော် ဘယ်လာကပြောပါတယ်။
နေပြည်တော် တပ်ရင်း ၈၀၈ဟာ စစ်တောင်းမြစ်ကိုအခြေခံပြုလှုပ်ရှားနေတဲ့တပ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာ တပ်ရင်းအသစ်ပြန်ဖွဲ့လိုက်တဲ့အတွက် လက်နက်အင်အားလိုအပ်မှုရှိသွားတာ ဖြစ်တယ်လို့လည်း ဒီနေ့ အောက်တိုဘာ ၁၀ရက်ကပြုလုပ်တဲ့ ကမ်ပိန်းLiveမှာ အမျိုးသမီးရဲဘော်တွေက ပြောခဲ့ပါတယ်။
“တချို့ကပြောလိမ့်မယ် ဒီတော်လှန်ရေးက ငါးနှစ်ရှိနေပြီ၊ ဘာလို့အခုလိုဖြစ်နေတာရတာလဲဆို။ ကျနော်တို့မှာ လူအင်အားအများအပြားရှိပါတယ်။ လူအင်အားလုံလောက်ပေမယ့် လက်နက်အင်အားမရှိပါဘူး။ ဘာလို့လက်နက်အင်အားမရှိဘူးလဲဆို ဒီတပ်ရင်း ၈၀၈ကဆိုရင် တပ်ရင်းအသစ်ဖွဲ့ထားတာမကြာသေးဘူး။ ဒါပေမယ့်ကျနော်တို့ကအခုမှစပြီးတိုက်တာမဟုတ်ဘူး။ တော်လှန်ရေးအစထဲက စစ်တောင်းမြစ်ကိုအခြေခံပြီးတိုက်လာတာဖြစ်တယ်။ ဒါပေမယ့် တပ်ရင်းအသစ်ပြန်ဖွဲ့လိုက်တဲ့အခါမှာ လက်နက်အင်အားလိုအပ်မှုရှိသွားတယ်။ အဲ့ဒီအတွက် လက်နက်အင်အားပြန်ဖြည့်ဖို့အတွက် ဒီအော်ပရေးရှင်းစစ်တောင်းဆိုတဲ့ကမ်ပိန်းလေးကို ပြုလုပ်ရခြင်းဖြစ်တယ်”အမျိုးသမီးရဲဘော် မေဒေးက ပြောပါတယ်။

နေပြည်တော်တပ်ရင်း ၈၀၈အနေနဲ့ သေနတ်အလက် ၂၀ရရှိရေးအတွက် အော်ပရေးရှင်းစစ်တောင်းဆိုတဲ့ ကျပ်သိန်းနှစ်ထောင် ကမ်ပိန်းကိုပြုလုပ်နေတာဟာ လက်ရှိမှာ ၁၀လက်စာဖိုး ရရှိထားပြီလို့ သိရပါတယ်။
“ခက်ခဲကြမ်းတမ်းတဲ့ စစ်ကြောရေးဆိုတဲ့သင်ခန်းစာကိုဖြတ်ကျော်နိုင်ခဲ့ပေမယ့် အခုထိ တိုက်ပွဲမဝင်ရသေးတဲ့ ရဲဘော်၊ရဲမေတွေမှ ကျနော်တို့တပ်ရင်းမှာ အများကြီးပါ။ အဓိက အကြောင်းရင်းမှာတော့ ဂန်းမလုံလောက်မှုတွေကြောင့်ပါ”လို့ နေပြည်တော်တပ်ရင်း ၈၀၈က ပြောထားပါတယ်။
နေပြည်တော်တပ်ရင်း ၈၀၈ဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်က တပ်ရင်းတခုဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဆင်ရေးတွေအရှိန်အဟုန်နဲ့တိုးမြှင့်ဆောင်ရွက်ဖို့ဆိုပြီး မနေ့က အောက်တိုဘာလ ၉ရက်နေ့ကလည်း နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဗျူဟာအမှတ်(၁၉)ကို ဖွဲ့စည်းခဲ့ပါသေးတယ်။
Comments