နောင်ချိုမှာ တိုက်ပွဲပြင်းထန်နေဆဲလို့ ဓနုတပ်အသိပေးလာ
- BVJ

- Jul 15, 2025
- 1 min read
နောင်ချိုတိုက်ပွဲမှာ စစ်ကောင်စီပေါ်တာဆွဲလာသူတွေ အများအပြားပါဝင်ဟုဆို
BVJ/မိုနာ_ ဇူလိုင် ၁၄၊ ၂၀၂၅

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLAနဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLAပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ DPLAက ဒီနေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
နောင်ချိုမြို့နဲ့အနီးတဝိုက်မှာ ပြီးခဲ့တဲ့ဇွန်လ ၂၄ရက်ကနေစပြီး အခုချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာဖြစ်တယ်လို့ တောင်ခမ်းကနေ နောင်ချိုထိုးစစ်မှာ စစ်ကောင်စီတပ်သားအများအပြား လက်နက်နဲ့အတူပြီးခဲ့တဲ့ ဇွန်လမှာ DPLAဆီကိုအလင်းဝင်လာခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
စစ်ကောင်စီရဲ့နောင်ချိုထိုးစစ်မှာ ပေါ်တာဆွဲခံရတဲ့ စစ်ကောင်စီတပ်သားအများအပြား ပါဝင်လာတယ်လို့လည်း သိရပါတယ်။
သုံးဘီးနဲ့ကုန်ပို့ရင်း ပျူစောထီးအဖွဲ့ရဲ့ ပေါ်တာဆွဲခံလိုက်ရကာ တောင်ခမ်းတိုက်ပွဲကိုပို့ခံလိုက်ရပြီးနောက် DPLFဆီအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား သိန်းထွန်းအောင်က” တောင်ခမ်းရောက်တာ ကျနော်တလကျော်ပြီ။ တပ်ထဲမှာတော့ကျနော်မနေခဲ့ရဘူး။ ကျနော်တို့ကိုပို့လိုက်တဲ့ မိခင်တပ်ရင်း ၁၄၇ဆိုတာက ပျက်ဆီးသွားတာကြာပြီ။ တပ်ကနာမည်ပဲကျန်တာ၊ တပ်မကျန်ဘူး။ တန့်ယန်းဗျူဟာမှာ ကျနော်တို့ကိုခဏထားပြီး လူစုပြီး နောက်ရောက်တဲ့ ပဆနဲ့ ကျနော်တို့ပဆနဲ့ဆိုပြီး ပေါင်းပြီးတော့မှ ဒီကိုပို့လိုက်တာ။ အင်အားက ကျနော်တို့ဒီ လက်ရှိလာတာမှာ ၉၃ယောက်ရှိမယ်”
စစ်အုပ်စုထောက်ခံသူတွေရဲ့ လူမှုကွန်ရက်နဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကောင်စီတပ်က နောင်ချိုမြို့တွင်းဝင်ရောက်ရှင်းလင်းကာ တောင်ပိုင်းရပ်ကွက်ကိုသိမ်းပိုက်ပြီးဖြစ်ကြောင်းနဲ့ မြို့တွင်းရှင်းလင်းတာကိုဆက်လုပ်နေတယ်လို့ ဓါတ်ပုံတွေနဲ့အတူ မနေ့ကညပိုင်းမှာ ဝါဒဖြန့်ရေးသားလာကြပါတယ်။
နောင်ချိုမြို့တွင်း စစ်အုပ်စုဝင်ရောက်သိမ်းပိုက်တယ်ဆိုတာနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် TNLAနဲ့ DPLFကို Burma VJက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုလာတာ မရှိသေးပါဘူး။
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ်ရှိ ပန်ဟက်၊ သပြေရေနဲ့တောင်ရပ်ကွက်အတွင်းကို တောင်ခမ်းဘက်ကနေ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးပြောဆိုချက်နဲ့ သျှမ်းသံတော်ဆင့်သတင်းမှာ ဒီနေ့မနက်ပိုင်းက ဖော်ပြပါတယ်။
ဒ့ါအပြင် ဂုတ်တွင်းတံတားလည်း မိုင်းခွဲပြီးဖျက်ဆီးခံခဲ့ရကြောင်းသိရပါတယ်။
TNLAရဲ့ အခုလ ၁၃ရက်ထုတ်ပြန်ချက်မှာတော့ နောင်ချိုမြိုနယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနဲ့ကျောက်ကြမ်းကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဇူလိုင် ၁၁ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၂)လုံး၊ ဒရုန်းနဲ့ ဗုံး (၅၇)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိနောင်ချိုဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
ပုံစာ-တအောင်းပြည်တနေရာတွင် ၂၀၂၅၊ ဇွန် ၂၁ရက်က ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်နေပုံ။




Comments