နောင်ချိုမှာတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်တွေ မြို့ထဲရောက်နေပြီ
- BVJ

- Jul 15, 2025
- 1 min read
BVJ/ ဂျိုး_ဇူလိုင် ၁၄၊ ၂၀၂၅

တအာင်းတပ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ မှာ တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး နှစ်ဘက်အကျအဆုံးများနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောကြပါတယ်။
နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးစစ်ကောင်စီဘက်က မြေပြင်အင်အားအလုံးအရင်းနဲ့တင်သာမက လက်နက်ကြီးတွေနဲ့ရော လေကြောင်းကပါပစ်ခတ်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တဦးကပြောပါတယ်။
“နှစ်ဖက်အထိအခိုက်တအားများတယ်၊ စစ်ပွဲကလဲတဖက်သတ်ကြီး။ စကစဘက်က ကျောက်တော ယူကလစ်ကုန်းလေးတကုန်းရဖို့ကို နေ့တိုင်းလေယာဉ်နဲ့လာပစ်တယ်။ အသေခံဒရုန်းတွေ ဒရုန်းဗုံးသီးတွေလည်း နေ့တိုင်းလာချတယ်၊ လက်နက်ကြီးတွေလည်း ပြုံနေအောင်ပစ်တာ။ ကုန်း တကုန်းရဖို့ကို လက်နက် ၄မျိုးလောက်နဲ့ ပစ်နေတာ။ Y12တွေနဲ့ ခဏခဏလာကြဲနေတာ။ အဲကုန်းက ပြောင်းခင်းတွေ ယူကလစ်ခင်းတွေတောင် ပြောင်ကုန်တယ်”
နောင်ချိုမြို့နယ်အတွင်းက ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနဲ့ ကျောက်ကြမ်း ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ မနေ့ ဇူလိုင် ၁၃ရက်မှာ ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီထိုးစစ်ဟာ နောင်ချိုမြို့အနီး အနားထိ ရောက်ရှိလာနေပြီလို့ စစ်ရေးသတင်း အရင်းအမြစ်တဦးကပြောပါတယ်။
“တိုက်ပွဲကတော့ မြို့နဲ့ အတော်နီးနေပြီ မကြာခင်မြို့ပေါ်ရပ်ကွက်တွေမှာဖြစ်တော့မယ့် အခြေအနေပဲဗျာ”

စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ ဇူလိုင် ၁၃ ရက်မှာ နောင်ချိုမြို့ အတွင်းက ရပ်ကွက်တွေအတွင်းကို ဝင်ရောက်နိုင်ပြီလို့ ဓာတ်ပုံတွေနဲ့ရေးသားဖော်ပြနေကြတာတွေ့ရပေမယ့် TNLAဘက်ကတော့ တစုံ တရာထုတ်ပြန်ပြောဆို အတည်ပြုတာမျိုးမတွေ့ရသေးပါဘူး။
နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ တအာင်းတပ်အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLAက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီက နောင်ချိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ နောင်ချိုမြို့ကာကွယ်ရေးအတွက် TNLA က အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာကွယ်နေတဲ့အကြောင်း ပြီးခဲ့တဲ့တပတ်က သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုထားပါတယ်။
Photo-DPLA




Comments