စစ်ကောင်စီတပ် စနိုက်ဘာနဲ့ချောင်းပစ်လို့ စစ်ရှောင်တစ်ဦး သေဆုံး
- BVJ

- May 19
- 1 min read
BVJ/ယူဂရင်း_ မေ ၁၉၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အုမ္မတီးရွာမှာ စစ်ကောင်စီတပ်က စနိုက်ဘာနဲ့ချောင်းပစ်တာကြောင့် စစ်ဘေးရှောင်စခန်းမှာခိုလှုံနေတဲ့ အရပ်သားတစ်ဦးပွဲချင်းပြီး သေဆုံးတယ်လို့ တအာင်းတပ်မတော်-TNLA က ဒီနေ့ မေ ၁၉ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
မနေ့က မေ ၁၈ရက် မနက် ရှစ်နာရီအချိန်မှာ စစ်ကောင်စီတပ် စနိုက်ဘာနဲ့ပစ်တာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက်(၂၇)နှစ်အရွယ် ဦးအိုက်လှိုင်ဖြစ်တယ်လို့ သိရပါတယ်။
နောင်ချိုမြို့ဟာ TNLAထိန်းချုပ်ဒေသဖြစ်ပြီး စစ်ကောင်စီတပ်ဟာ အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့နေ့စဉ်ပစ်ခတ်နေတာဖြစ်တယ်လို့ TNLAဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အပစ်ရက်သက်တမ်း တစ်လထပ်တိုးထားပေမယ့် နေ့စဉ်တိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့ကိုလည်း TNLAက သတိပေးထားပါတယ်။
ငလျင်ဘေးကြောင့်ဆိုပြီး စစ်ကောင်စီဟာ အပစ်ရပ်သက်တမ်းကို အခုလ ၆ရက်ကနေ ၃၁ရက်အထိဆိုပြီးသက်တမ်းထပ်တိုးကြောင်း ရုရှားနိုင်ငံကိုမသွားခင်မှာ ကြေညာထားပေမယ့် သက်တမ်းတိုးကာလအတွင်းမှာ မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စတဲ့နေရာတွေကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDရဲ့ အခုလ ၁၅ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အုပ်စုဟာ ငလျင်ကြောင့်ဆိုပြီး ယာယီအပစ်ရပ်ထားတဲ့တစ်လကျော်အတွင်းမှာ တိုင်းနဲ့ပြည်နယ် ၁၁ခုကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၁၈၂ ဦးရှိခဲ့တယ်လို့ သိရပါတယ်။







Comments