စစ်မှုထမ်းကြေးကောက်ပေးနေတဲ့ နတ်တလင်းကရာအိမ်မှူးတစ်ဦး ရှင်းလင်းခံရ
- BVJ

- Sep 23
- 1 min read
BVJ/ဇော်-စက်တင်ဘာ ၂၁၊ ၂၀၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းကရာအိမ်မှူးတစ်ဦးဟာ စစ်အုပ်စုရဲ့လုပ်ဆောင်ချက်တွေကိုကူညီထောက်ပံ့ပေးနေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း၊ ၃၈၀၁က ဒီနေ့ စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
နတ်တလင်းမြို့နယ်၊ စန်ကြီးလောင့်ကျေးရွာ ရာအိမ်မှူးဇော်မင်းနိုင်ကို စစ်အုပ်စုကိုကူညီထောက်ပံ့တာတွေမလုပ်ဖို့အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် လက်မခံတဲ့အတွက် မနေ့က စက်တင်ဘာ ၂၀ ရက်နေ့၊ ည ကိုးနာရီခွဲမှာပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူက စစ်အုပ်စုလက်ထက်မှာရာအိမ်မှူးဖြစ်လာခဲ့သူပါ။ စစ်အုပ်စုကသူတို့ရွာလာရင် သူ့အိမ်မှာတည်းတယ် ကင်းလှည့်ရင်လမ်းပြလိုက်တယ်။ စစ်မှုထမ်းကြေးကောက်ပေးတယ်။ စစ်အုပ်စုနဲ့ပေါင်းပြီး လောင်းကစားဝိုင်း အဓိက ကြက်ဝိုင်းအမြဲလုပ်လေ့ရှိပါတယ်။ သတိပေးခဲ့တာက အကြိမ်ကြိမ်ပါပဲ လက်မခံတော့ ရှင်းလင်းဖို့ဆုံးဖြတ်ခဲ့တာပါ။ စစ်တပ်နယ်မြေထဲဆိုတော့ သေချာပြင်ဆင်ပြီးလှုပ်ရှားခဲ့ပါတယ်။ အဓိက ပြည်သူကိုဖိနှိပ်တာပါ။ စစ်မှုထမ်းကြေး တစ်အိမ်ကိုသုံးသောင်းကောက်ရင် သူကငါးသောင်းကောက်တယ်။ စစ်တပ်ကိုသုံးသNUGာင်းပေး နှစ်သောင်းကိုသူစားတာပါ” လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၄ (Bamar Revolution Army-BRA) တပ်ခွဲမှူး ရဲဘော်လက်ျာက Burma VJ ကိုပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ဒေသတွေနဲ့ အလှမ်းကွာလို့ ရာအိမ်မှူးဇော်မင်းနိုင်ရဲ့ လုပ်ဆောင်ချက်တွေက တော်လှန်ရေးတပ်ဖွဲ့တွေကို အဟန့်အတားမဖြစ်ခဲ့ပေမယ့် ပြည်သူတွေကိုဖိနှိပ်မှုတွေလုပ်တဲ့အတွက် ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာ၊ သာယာဝတီခရိုင်တပ်ရင်း (၁)၊ တပ်ရင်းရုံးရဲဘော်တွေနဲ့တပ်ခွဲ (၄) ရဲဘော်တွေက ပူးပေါင်း ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
သာယာဝတီခရိုင် အမှတ်-၁တပ်ရင်း၊၃၈၀၁ ဟာ NUGကာကွယ်ရေးဝန်ကြီးဌာန ပဲခူတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်ရင်းတစ်ခုဖြစ်ပါတယ်။







Comments