'အဂတိလိုက်စားမှုတိုက်ဖျက်ရေးကျွမ်းကျင်သူ' ထိုင်းအထက်လွှတ်တော်အမတ်ဟောင်းရဲ့ သား အွန်လိုင်းလောင်းကစားမှု ငွေကြေးခဝါချမှုတွေနဲ့ ထောင်ဒဏ် ၁၃၂နှစ်ကျော် ချမှတ်ခံရ
- BVJ

- May 5
- 1 min read
အီးကေ/BVJ_မေ ၄၊ ၂၀၂၆

အွန်လိုင်းလောင်းကစားမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ထိုင်းအထက်လွှတ်တော်အမတ်ဟောင်း Sangsit Piriyarangsan ရဲ့ သား Narote Piriyarangsanကို ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးက ထောင်ဒဏ် (၁၃၂) နှစ်နဲ့(၆)လ စီရင်ချက်ချမှတ်လိုက်ပါတယ်။
နာရိုတီနဲ့အတူအခြားရှစ်ဦးကို ထိုင်းရာဇဝတ်တရားရုံးက ဧပြီလ၂၇ ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာဖြစ်ပြီး စီရင်ချက်ချမှတ်တဲ့နေ့မှာ တရားရုံးကိုလာရောက်ခြင်းမရှိတဲ့အတွက် တရားရုံးက နာရိုတီကိုဖမ်းဝရမ်းထုတ်ပြန်ထားပါတယ်။
နာရိုတီနဲ့အတူ အခြားရှစ်ဦးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဖမ်းမိတဲ့အချိန်မှာဘတ်သန်းပေါင်း ၄၀၀ ကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို သက်သေအဖြစ်သိမ်းဆည်းရမိခဲ့ပါတယ်။နာရိုတီဟာ ဒီအမှုမှာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့တဲ့အတွက် ဖမ်းမိတဲ့တရားခံ ၉ ဦးအနက် အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။တရားရုံးက သူ့ကိုထောင်ဒဏ် နှစ်တစ်ရာကျော်ချထားပေမယ့် ထိုင်းဥပဒေအရ အမှန်တကယ် လက်တွေ့ ခံရမယ့်ပြစ်ဒဏ်မှာ အနှစ် ၂၀ အထက်မပိုဘူးလို့ သိရပါတယ်။
နာရိုတီဟာ အဂတိလိုက်စားမှု လောင်းကစားမှု တိုက်ဖျက်ရေးမှာထင်ရှားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကျွမ်းကျင်သူ၊ အထက်လွှတ်တော်အမတ်ဟောင်း Sangsit Piriyarangsan ရဲ့ သားဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်ကနေ ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်အတွင်း တရားခံတွေဟာ အများပြည်သူအရွယ်စုံဝင်ရောက်ဆော့ကစားနိုင်တဲ့ ဝက်ဘ်ဆိုက်တွေကတဆင့် ပုံစံမျိုးစုံနဲ့အွန်လိုင်းလောင်းကစားလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြတယ်လို့ တရားလိုဘက်က တင်ပြထားပါတယ်။
အွန်လိုင်းလောင်းကစားရတဲ့ငွေတွေကို ငွေကြေးခဝါချဖို့အတွက် ကုမ္ပဏီတွေအမည်ခံဖွင့်လှစ်ခဲ့ပြီး အွန်လိုင်းအရောင်းအဝယ် (Retail) လုပ်ကိုင်နေတယ်လို့ ဘဏ်တွေကို လိမ်လည်အကြောင်းပြခဲ့ပါတယ်။ဒါ့အပြင် လောင်းကစားငွေတွေ လက်ခံနိုင်ဖို့ QR Code စနစ်နဲ့ ငွေပေးချေမှုဝန်ဆောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။အဆိုပါကာလအတွင်း အလိုအလျောက် ငွေပေးချေစနစ်ကတစ်ဆင့် တစ်ကြိမ်မှာ ဘတ် ၁.၇ သန်းမှ ၅၄.၇ သန်းအထိ ရှိတဲ့ ငွေလွှဲပြောင်းမှုများစွာကိုပြုလုပ်ခဲ့ကြကြောင်း တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။
ခရက်ဒစ် - Bangkok Post




Comments