ပဋိပက္ခကနေ ပြန်လည်နွေးထွေးတဲ့အခြေအနေကိုပြောင်းလာတဲ့ အိန္ဒိယ-တရုတ်ဆက်ဆံရေး

သူရ/BVJ_စက်တင်ဘာ ၁၂၊ ၂၀၂၆

နယူးဒေလီမြို့မှာကျင်းပမယ့် BRICSထိပ်သီးအစည်းအဝေး ဘေးဆွယ်ဆွေးနွေးပွဲမှာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖုန်တို့ ဒီကနေ့စနေနေ့မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိပါတယ်။
တရုတ်ခေါင်းဆောင်အနေနဲ့ (၇) နှစ်အတွင်း အိန္ဒိယနိုင်ငံကိုပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့အချိန်မှာပဲ၊ အာရှရဲ့ဧရာမနိုင်ငံကြီး နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ၂၀၂၀ ခုနှစ်ကလူအသေအပျောက်ရှိခဲ့တဲ့ နယ်စပ်တိုက်ပွဲကနေ ဒီကနေ့ပိုပြီးတည်ငြိမ်လာတဲ့အနေအထားဆီ ဘယ်လိုပြောင်းလဲလာခဲ့လဲဆိုတာကို ကြည့်လိုက်ရအောင်ပါ။
၂၀၂၀ ခုနှစ်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ
အနောက်ဟိမဝန္တာဒေသ၊ လဒတ်ခ်ျက အိန္ဒိယပိုင်နက် ဂါဝမ်ချိုင့်ဝှမ်းမှာ ၁၉၇၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အသေအပျောက်ရှိတဲ့ စစ်ရေးတိုက်ပွဲအနေနဲ့ အိန္ဒိယနဲ့ တရုတ်စစ်သားတွေ လက်ချင်းယှက် လက်ပမ်းလုံး တိုက်ခိုက်ခဲ့ကြပါတယ်။ အငြင်းပွားနယ်နိမိတ်ရဲ့ သူတို့ဘက်ခြမ်းမှာ တည်ဆောက်ထားတယ်လို့ အိန္ဒိယစစ်သားတွေပြောတဲ့ ရွက်ဖျင်တဲနှစ်လုံးနဲ့ စောင့်ကြည့်ရေးမျှော်စင်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်မှာ အခုလို ဖြစ်လာခဲ့တာပါ။ အဲဒီ ဂါဝမ်တိုက်ပွဲမှာ အိန္ဒိယဘက်က အနည်းဆုံး စစ်သား ၂၀ ဦးနဲ့ တရုတ်ဘက်က ၄ ဦး သေဆုံးခဲ့ပါတယ်။
နျူကလီးယားပိုင်ဆိုင်တဲ့ ဒီအိမ်နီးချင်းနှစ်နိုင်ငံဟာ ဟိမဝန္တာဒေသမှာ နယ်နိမိတ်တိတိကျကျ မသတ်မှတ်ရသေးဘဲ အငြင်းပွားနေတဲ့ မိုင် ၂,၄၀၀ (ခန့်မှန်းခြေ ကီလိုမီတာ ၃,၈၀၀) လောက် ရှည်လျားတဲ့နယ်စပ်ကို အတူမျှဝေ ပိုင်ဆိုင်ထားကြပါတယ်။
အစိုးရတွေဘက်က ဘယ်လိုတုံ့ပြန်ခဲ့ကြလဲ
အိန္ဒိယအစိုးရက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စစ်ဆေးတာတွေ တင်းကျပ်ခဲ့ပြီး၊ တရုတ်နိုင်ငံသားတွေအတွက် စီးပွားရေးဗီဇာစိစစ်မှုကို ပိုကျယ်ပြန့်စေခဲ့သလို၊ လူသုံးများတဲ့ တရုတ်မိုဘိုင်းအက်ပ်တွေကို ပိတ်ပင်တာနဲ့ တိုက်ရိုက်ခရီးသည်တင် လေကြောင်းလိုင်းတွေကိုပါ ဖြတ်တောက်ခဲ့ပါတယ်။
တရုတ်ဘက်ကလည်း နှစ်နိုင်ငံ သဘောတူညီချက်တွေကို ဆိုးဆိုးရွားရွား ချိုးဖောက်ခံခဲ့ရတယ်လို့ ဆိုပြီး သတင်းထောက်တွေနဲ့ စီးပွားရေးသမားတွေရဲ့ ခရီးသွားလာမှုတွေအပါအဝင် လူချင်းဆက်ဆံရေး ကန့်သတ်ချက်တွေကို တင်းကျပ်ခဲ့ပါတယ်။
တပ်တွေဘယ်တော့ ပြန်ဆုတ်ဖြစ်ခဲ့ကြတာလဲ
အိမ်နီးချင်းနှစ်နိုင်ငံဟာ နှစ်ဖက်စလုံး ရင်ဆိုင်တွေ့ဆုံနေတဲ့ နေရာ (၅) ခုကနေ တပ်တွေကို အသီးသီးဆုတ်ခွာခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ တပ်ရုပ်သိမ်းရေး သဘောတူညီချက်တစ်ခုကို ရရှိခဲ့ကြပါတယ်။ ကျန်ရှိနေတဲ့ အခြားနေရာ (၂) ခုကနေပါ တပ်တွေကို ထပ်ဆုတ်ပေးပြီး ၂၀၂၀ ခုနှစ်က အခြေအနေအတိုင်းဆီ ပြန်သွားဖို့ သဘောတူညီခဲ့ကြတာကို အဲဒီနှစ် ဒီဇင်ဘာလမှာ အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
လက်ရှိ အနေအထားက ဘယ်လိုရှိလဲ
နယူးဒေလီဘက်က တရုတ်ကို တိုက်ရိုက်လေကြောင်းတွေ ပြန်ပျံသန်းပေးတာ၊ တရုတ်ကျွမ်းကျင်ပညာရှင်တွေ ဗီဇာရဖို့ ကြန့်ကြာတာတွေကို လျှော့ချပေးတာနဲ့ တရုတ်ပစ္စည်းတွေ ဝယ်ယူမှုအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတာတွေကြောင့် ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ အိန္ဒိယစက်ရုံတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်း ၁၀၀ ကျော်အပါအဝင် အမေရိကန်ဒေါ်လာ ၁၃၂ ဘီလီယံတန်ဖိုးရှိတဲ့ တင်သွင်းကုန်တွေနဲ့ အဆိုပါတောင်အာရှနိုင်ငံရဲ့ အကြီးဆုံး သွင်းကုန်ရင်းမြစ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ နယ်စပ်တလျှောက်မှာတော့ နှစ်နိုင်ငံစလုံးက စစ်ရေးအင်အားတွေကို အကြီးအကျယ်ဆက်လက်တပ်စွဲထားဆဲပါပဲ။
ဘာတွေက တင်းမာစရာ ဆက်ရှိနေသေးလဲ
နယ်စပ်ဒေသမှာ တစ်ခါတလေတင်းမာမှုတွေရှိနေတာအပြင် တရုတ်က ဇန်းနန်လို့ခေါ် ပြီး တောင်ပိုင်းတိဘက်ရဲ့ အစိတ်အပိုင်းလို့သတ်မှတ်ထားတဲ့ အိန္ဒိယအရှေ့မြောက်ဘက်က အရူနာချယ် ပရာဒေ့ရှ် ပြည်နယ်နဲ့ပတ်သက်လို့ နယ်မြေအငြင်းပွားမှုတွေ မကြာခဏပေါ်ပေါက်နေပါတယ်။
မနှစ်က အဓိကပြိုင်ဘက်ပါကစ္စတန်နဲ့ အိန္ဒိယစစ်ရေးပဋိပက္ခဖြစ်ချိန်မှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကလည်း ဆက်ဆံရေးကိုပိုရှုပ်ထွေးစေခဲ့ပါတယ်။ တရုတ်ကတိုက်ရိုက်မပါပေမဲ့ ၄ ရက်ကြာတိုက်ပွဲအတွင်းမှာ ပါကစ္စတန်ကတရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ဒုံးကျည်တွေကို အဓိကအားထားသုံးခဲ့ပါတယ်။
အီလက်ထရွန်နစ်နဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေအတွက် လိုအပ်တဲ့ တရုတ်ပစ္စည်းကိရိယာတွေဝယ်ယူတဲ့အခါ ဗီဇာကြန့်ကြာတာနဲ့ လမ်းကြောင်းပိတ်ဆို့မှုတွေရှိနေသေးတာကြောင့် ကုန်သွယ်ရေးကဏ္ဍကတော့ အပြည့်အဝမခိုင်မာသေးပါဘူး။
ဘဏ္ဍာရေး၊ ကာကွယ်ရေးနဲ့ကြိုးမဲ့ဆက်သွယ်ရေးလိုမျိုး အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတယ်လို့ယူဆတဲ့လုပ်ငန်းတွေထဲ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှာကိုလည်း အိန္ဒိယကစိုးရိမ်မကင်းဖြစ်နေဆဲဖြစ်ပါတယ်။
ခရက်ဒစ် - Reuters




Comments