မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်မှုအခြေအနေအပေါ် စိုးရိမ်ကြောင်း IAEAအဖွဲ့အတည်ပြုပြောကြား

သူရ/BVJ_စက်တင်ဘာ ၉ ၊ ၂၀၂၆

မြောက်ကိုရီးယားနိုင်ငံဟာ ယူရေနီယံသန့်စင်တဲ့နှစ်ထပ်အဆောက်အအုံအသစ်တစ်ခုကို တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်တဲ့အတွက် ဒါဟာ"အလွန်အမင်းစိုးရိမ်စရာ"ကိစ္စရပ်တစ်ခုဖြစ်ကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အဖွဲ့ အကြီးအကဲက အခုတစ်ပတ်အတွင်းမှာပြောကြားလိုက်ပါတယ်။
အဲ့ဒီအဆောက်အအုံအသစ်ဟာ ယုံဗြုံ (Yongbyon)ပင်မ နူကလီးယားစခန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယူရေနီယံသန့်စင်ဖို့သုံးတဲ့ စင်ထရီဖျူ့ စက်တန်း (centrifuge cascades) ၂၈ ခုအထိထည့်သွင်းအသုံးပြုနိုင်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့လနှောင်းပိုင်းမှာထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုအရ မြောက်ကိုရီးယားအစိုးရဟာ အခြားယူရေနီယံသန့်စင်တဲ့နေရာတစ်ခုမှာ တိုးချဲ့ထားတဲ့ နောက်ဆက်တွဲအဆောက်အအုံကို စတင်လည်ပတ်နေပြီဖြစ်ကြောင်း IAEA က ဖော်ပြခဲ့ပါတယ်။
ဒီတွေ့ရှိချက်တွေဟာ ကုလသမဂ္ဂရဲ့ပိတ်ဆို့အရေးယူခံထားရတဲ့ မြောက်ကိုရီးယားရဲ့ နူကလီးယားအခြေခံအဆောက်အအုံတွေ တစတစတိုးပွားလာနေတာကိုညွှန်ပြနေပါတယ်။ ၂၀၀၉ ခုနှစ်မှာ မြောက်ကိုရီးယားကနှင်ထုတ်ခဲ့တာကြောင့် IAEAအဖွဲ့အနေနဲ့ နိုင်ငံတွင်းမှာစစ်ဆေးရေးမှူးတွေမရှိတော့ဘဲ ဂြိုဟ်တုဓာတ်ပုံတွေကိုသာ အဓိကအားထားပြီးဆန်းစစ်နေရပါတယ်။
"ဒီ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) ရဲ့ နူကလီးယားအစီအစဉ် ဆက်လက်လုပ်ဆောင်နေတာနဲ့ ထပ်မံတိုးချဲ့နေတာတွေဟာ သက်ဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာဖြစ်ပြီး အလွန်တရာစိတ်မကောင်းစရာပါပဲ"လို့ IAEA ရဲ့ ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့ဆီ (Rafael Grossi)က အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပြန်တဲ့ကြေညာချက်တစ်ခုမှာပြောကြားခဲ့ပါတယ်။

ဇွန်လတုန်းက အနုမြူစွမ်းအင်အေဂျင်စီရဲ့ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ ဇွန်လ ၃ ရက်နေ့က "အသစ်ဖွင့်လှစ်ခဲ့တဲ့ နူကလီးယားပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံ" (ယုံဗြုံ ယူရေနီယံသန့်စင်စက်ရုံ) ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံကိုဦးဆောင်နေပေမယ့် ကင်ဂျုံအွန်ဟာ လျှို့ဝှက်နူကလီးယားလက်နက်တွေတည်ဆောက်ဖို့အတွက် နှစ်စဉ်သန်းပေါင်းများစွာ အကုန်အကျခံနေပါတယ်။ ၂၀၂၂ခုနှစ်က လက်နက်ပြန့်ပွားမှုတားဆီးရေး သုတေသနအဖွဲ့တစ်ခုရဲ့အစီရင်ခံစာအရ ဒီငွေပမာဏဟာ ဒေါ်လာ ၆၄၀ သန်းရှိတယ်လို့ဆိုပါတယ်။
ကင်ဂျုံအွန်လက်ထက်မှာ မြောက်ကိုရီးယားရဲ့ နူကလီးယားအစီအစဉ်ဟာ ပိုမိုမြန်ဆန်လာခဲ့ပြီး ဒုံးကျည်စမ်းသပ်မှုအကြိမ်ရေအများဆုံးပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတကာကိုပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် (ICBM)တွေကို ၂၀၁၇ခုနှစ်မှာစတင်စမ်းသပ်ခဲ့တဲ့အချိန်ကစပြီး အကြိမ်များစွာပစ်ခတ်ခဲ့ပြီးပါပြီ။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နူကလီးယားလက်နက်စမ်းသပ်မှုကို ခြောက်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်ကာ နောက်ဆုံးအကြိမ်စမ်းသပ်မှုမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလကဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်မှာ သူတို့ကိုယ်သူတို့ နူကလီးယားပိုင်ဆိုင်တဲ့နိုင်ငံအဖြစ်ကြေညာခဲ့ပြီး လက်နက်တွေကို ဘယ်တော့မှစွန့်လွှတ်မှာမဟုတ်ကြောင်းကတိပြုထားကာ လက်ရှိမှာ လက်နက်ဒါဇင်နဲ့ချီပိုင်ဆိုင်ထားတယ်လို့ ခန့်မှန်းရပါတယ်။




Comments