အမျိုးသားတွေသာပါတဲ့စကားဝိုင်းမှာ ပါဝင်ခဲ့တဲ့ကိုနန်းလင်းကို တကသက အရေးယူ
- BVJ

- Sep 18
- 1 min read
ယူဂရင်း/BVJ_ စက်တင်ဘာ ၁၈၊ ၂၀၂၅

အမျိုးသမီးပါဝင်မှုမရှိဘဲ အမျိုးသားတွေသာပါဝင်ဆွေးနွေးမှုပြုလုပ်ခဲ့တဲ့ စကားဝိုင်းမှာပါဝင်ခဲ့တဲ့ တကသကျောင်းသားဟောင်းများအင်အားစုရဲ့ ဦးဆောင်ကော်မတီဝင်ဖြစ်တဲ့ ကိုနန်းလင်းကို ပြင်းထန်စွာသတိပေးပြီး အရေးယူဆောင်ရွက်မှုလုပ်ခဲ့တယ်လို့ တကသက မနေ့ကထုတ်ပြန်ပါတယ်။
ကိုနန်းလင်းဟာ မနေ့က စက်တင်ဘာ ၁၇ရက်မှာပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာပါဝင်ခဲ့ပြီး အဲ့ဒီစကားဝိုင်းမှာပါဝင်တာကို အဖွဲ့အစည်းကိုကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မိမိသဘောဆန္ဒနဲ့သာပါဝင်ခဲ့ခြင်း၊ စကားဝိုင်းမှာပါဝင်သူတွေဟာ အမျိုးသားတွေချည်းဖြစ်ခြင်းစတာတွေ ကြောင့် ကိုနန်းလင်းကို စကားဝိုင်းတွေ၊ဆွေးနွေးပွဲတွေမှာပါဝင်တာကို (၆)လရပ်ဆိုင်းတာ၊ တကသရဲ့ ဦးဆောင်ကော်မတီဝင်အဖြစ်ကနေ နှစ်လဆိုင်းငံ့တာနဲ့ နိုင်ငံရေးကော်မတီတာဝန်ခံအဖြစ်ကနေ နှစ်လဆိုင်းငံ့တာတွေကို အရေးယူဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
တကသရဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ တကသကျောင်းသားဟောင်းများအင်အားစုအနေနဲ့ အမျိုးသားတွေသာပါဝင်တဲ့ Manelဆွေးနွေးပွဲတွေကို စီစဉ်မှာလည်းမဟုတ်သလို အဖွဲ့ဝင်တွေအနေနဲ့လည်း အဲ့ဒီလိုဆွေးနွေးပွဲတွေမှာပါဝင်ဆွေးနွေးခြင်းပြုမှာ မဟုတ်ဘူးလို့ ဖော်ပြထားတာပါ။
ဒါကြောင့် ကိုနန်းလင်းဟာ အဲ့ဒီထုတ်ပြန်ချက်ကိုချိုးဖောက်ခဲ့လို့ အခုလိုအရေးယူမှုလုပ်ခဲ့တာဖြစ်တယ်လို့ တကသ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကိုနန်းလင်းက” ဒီမူထုတ်ပြန်ပြီးကတည်းက ကျွန်တော်ကိုယ်တိုင်ရော၊ ကျွန်တော်တို့ အဖွဲ့ထဲမှာရော နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုတွေမှာ ဂျဲန်ဒါတန်းတူရေးအတွက်ကို အတော်လေးဂရုပြု အာရုံထားဆောင်ရွက်ပါတယ်။ သို့သော် ဒီတခေါက်ကိစ္စမှာတော့ ဒီဆွေးနွေးဝိုင်းမှာအတူဆွေးနွေးကြမယ့် ဆွေးနွေးဖက်တွေ ဘယ်သူတွေဖြစ်မလဲဆိုတာ ကျွန်တော်ကသေချာမမေးလိုက်မိတဲ့ ပေါ့လျော့မှု ဖြစ်သွားတာပါ။ ဒီစကားဝိုင်းစီစဉ် ဦးဆောင်သူတွေကလည်း အမျိုးသမီးပါဝင်မှုအတွက် ဖိတ်ကြားမှုတွေ လုပ်ခဲ့ပေမယ့် အဆင်မပြေဖြစ်သွားတော့ အမျိုးသားတွေချည်းစုပြောကြသလိုဖြစ်သွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ကချမှတ်ထားတဲ့မူကိုသွေဖီတာမျိုးဖြစ်သွားတာမို့ ကျွန်တော့်မိခင်အဖွဲ့အစည်းဖြစ်တဲ့ တကသကျောင်းသားဟောင်းများအင်အားစုရဲ့ ဦးဆောင်ကော်မတီက အရေးယူဖို့ဆုံးဖြတ်ချက်ချ ဆောင်ရွက်တာဖြစ်တယ်။ အဲ့အပေါ်လည်း ကျွန်တော်ကိုယ်တိုင်က ကျေနပ် ကျေလည်ပါတယ်”လို့ Burma VJကိုပြောပါတယ်။
အရေးယူမှုကိုလည်းလိုက်နာသွားမှာဖြစ်ပြီး ဦးဆောင်ကော်မတီဝင်အဖြစ်ကနေ နှစ်လရပ်နားခံလိုက်ရပေမယ့် အဖွဲ့ဝင်အဖြစ်နဲ့အလုပ်တွေဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။

ကိုနန်းလင်းပါဝင်ဆွေးနွေးခဲ့တဲ့စကားဝိုင်းဟာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ခန့်အပ်ပေးဖို့ ထောက်ခံဆွေးနွေးတဲ့စကားဝိုင်းဖြစ်ပြီး အဲ့ဒီပွဲမှာဆွေးနွေးမယ့်သူတွေဟာ Hostအပါအဝင် အမျိုးသားတွေပဲ ၉ ဦးအထိပါဝင်ခဲ့တာပါ။
Manelစကားဝိုင်းတွေကိုလေ့လာစောင့်မှတ်တမ်းယူနေတဲ့ Burma’s Manels Watchရဲ့ စာရင်းအရ ၂၀၂၄ခုနှစ်မှာ Manels စုစုပေါင်း ၂၇ ခုရှိခဲ့တယ်လို့သိရပါတယ်။
Manelဖြစ်ခြင်း မဖြစ်ခြင်းတွေကိုစောင့်ကြည့်ရာမှာလည်း Host/moderatorsတွေကိုထည့်သွင်း ရေတွက်တာမရှိဘဲ ဦးဆောင်ဆွေးနွေးသူတွေနဲ့ ၃ ဦး၊ ၃ဦးနဲ့အထက်ပါဝင်တဲ့စကားဝိုင်းတွေကို ထည့်သွင်းရေတွက်တယ်လို့လည်း သိရပါတယ်။







Comments