နမ္မတူကိုလေကြောင်းဗုံးကြဲတာကြောင့် စစ်ဘေးရှောင် သုံးဦးသေဆုံး
- BVJ

- Oct 2
- 1 min read
ယူဂရင်း/BVJ_ အောက်တိုဘာ ၂၊ ၂၀၂၅

စစ်ကောင်စီတပ်က ဒီနေ့မနက် ၇နာရီကျော်အချိန်လောက်မှာ တအာင်းတပ်မတော်-TNLAထိန်းချုပ်ထားတဲ့ နမ္မတူမြို့ကိုလေကြောင်းဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်သုံးဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူတွေဟာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ကျောက်မဲကနေစစ်ရှောင်လာသူတွေလို့ သိရပါတယ်။
စစ်ကောင်စီဟာ နမ္မတူမြို့ကို (၁)လုံး၊ မန်တုံမြို့ကို (၄)လုံး ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဗုံးပေါက်ကွဲပြီး နမ္မတူမြို့ရှိ ပြည်သူလူထု (၃)ဦးသေဆုံးခဲ့ကာ ကလေးအပါအဝင် (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ နေအိမ် (၈)အိမ်လည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLAကလည်း ထုတ်ပြန်ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေကိုလည်း လိုက်နာကြဖို့ TNLAကသတိပေးထားပါတယ်။
စစ်ကောင်စီတပ်ဟာ TNLAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို သြဂုတ်လအတွင်း၊ ကျောက်မဲမြို့ကို အခု အောက်တိုဘာ ၁ရက် ညနေပိုင်းတို့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ကျောက်မဲ-နောင်ချို-ပြင်ဦးလွင် ပြည်ထောင်စုကားလမ်းပိုင်းကိုပြန်လည်စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီလို့ ဒီနေ့ထုတ်သတင်းစာတွေမှာ ကြေညာပါတယ်။







Comments