နမ့်ဆန်မြို့နယ် အုမ်းစွမ်ကျေးရွာဗုံးကြဲခံရမှုအတွင်း ၁၆နှစ်အရွယ်မိန်းကလေးတစ်ဦး သေဆုံ
- BVJ
- 3 days ago
- 1 min read
BVJ / ဂျိုး_ စက်တင်ဘာ ၁၄၊ ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်အတွင်းကအုမ်းစွမ်ကျေးရွာကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာနဲ့လာရောက်ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် အရပ်သား (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိတဲ့အုမ်းစွမ်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ဗုံး(၁၁)လုံး အထိလာရောက်ကြဲခဲ့တာဖြစ်ပြီး အသက်(၁၆)နှစ်အရွယ် လွေးတင်တင်နွယ်ဟာ နေရာမှာတင်သေဆုံးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် အသက်(၁၅)နှစ် လွေးမေတင်နွယ်၊ အသက် (၅)နှစ် မိုင်းနန်းဘု၊ အသက် (၇)နှစ် မိုင်းကောင်းချစ်ဖြိုး၊ အသက် (၃)နှစ် လွေးမေချစ်သဲနဲ့ အသက်(၃၃)နှစ် အရွယ်ဦးနန်းလင်တို့ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့လည်း TNLAဘက် ကပြောဆိုထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၃)ရက်နေ့ကလည်း နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀) ဗုံး၆လုံး လာရောက်ကြဲချခဲ့တာကြောင့် အမျိုးသား (၁)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် (၂)ဆောင်နဲ့ လူနေအိမ် (၆)အိမ် ထိမှန်ပျက်စီးသွားခဲ့ တာရှိတယ်လို့လည်း TNLAရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အောက်တိုဘာလ ၁ရက်နေ့ကစပြီး အောင်တိုဘာလ ၁၁ရက်နေ့အထိ ရှမ်းမြောက်ဒေသက မိုင်းလုံ,မိုင်းငေါ့ ,နမ္မတူအပါအဝင်မြို့နယ်တော်တော်များများကို စစ်ကောင်စီကဆက်တိုက်ဆိုသလို လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးသူငယ်အပါအဝင် အရပ်သား ၂၄ ဦးသေဆုံးပြီးတော့ ၁၉ ဦးအထိပြင်းထန်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေဆုံးရှုံးမှုတွေ များလာနေတဲ့စစ်ကောင်စီဟာ လာမယ့်ဒီဇင်ဘာလအကုန်ပိုင်းမှာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ဆုံးရှုံးနယ်မြေတချို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ မြေပြင်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
Comments