နမ့်ခမ်းယမ်းစက်ရုံပေါက်ကွဲမှု လူ ၅၅ယောက်သေဆုံး
- BVJ

- 2 days ago
- 1 min read
PSLF/TNLA ခေါင်းဆောင်တွေ တာဝန်ယူ၊တာဝန်ခံမှုရှိဖို့ တအာင်းပြည်ကောင်စီတိုက်တွန်း
မိုနာ/BVJ_ဇွန် ၁၊ ၂၀၂၆

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ မနေ့က မေလ ၃၁ ရက်နေ့မှာ ယမ်းစက်ရုံပေါက်ကွဲတာကြောင့် လူ ၅၅ယောက်သေဆုံးပြီး ၇၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းပြည်ကောင်စီ (TLC)က ဒီနေ့မနက်ပိုင်းမှာထုတ်ပြန်လာပါတယ်။
ယမ်းစက်ရုံပေါက်ကွဲမှုကြောင် မိဘပြည်သူတွေထိခိုက်သေဆုံးတဲ့အပြင် ဘုန်းကြီးကျောင်း၊ လူနေအိမ် အဆောက်အအုံတွေအများအပြား ထိခိုက်ပျက်စီးခဲ့တဲ့အပေါ် TLCအနေနဲ့ ကျန်ရစ်သူမိသားစုဝင်တွေ၊ ပြည်သူတွေနဲ့ထပ်တူ အထူးဝမ်းနည်းကြေကွဲကြောင်းလည်း ပြောထားပါတယ်။
ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူ PSLF/TNLA ခေါင်းဆောင်တွေအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ်အကြောင်းရင်းအမှန်ကို အသေးစိတ်စုံစမ်းစစ်ဆေးပြီး ဖြစ်စဉ်အပေါ် တာဝန်ခံမှု တာဝန်ယူမှုအပြည့်ရှိဖို့၊ တာဝန်ရှိသူတွေ၊ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်ပေးဖို့၊ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့နဲ့ မည်သည့်ကိစ္စရပ်မျိုးကိုမဆိုပြုလုပ်ပါက ပြည်သူလူထုအန္တရာယ်ကင်းရှင်းရေးနဲ့လုံခြုံရေးကိုအထူးဂရုပြုလုပ်ဆောင်ဖို့ဆိုပြီး TLCကတိုက်တွန်းထားပါတယ်။
ပြီးတော့ တအာင်းပြည်တဝှမ်းလုံးနဲ့ ပြည်တွင်းပြည်ပနေရာဒေသအသီးသီးမှာ ရောက်ရှိနေကြတဲ့ပြည်သူတွေအနေနဲ့လည်း ကောင်းတပ်ရွာအမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့နဲ့ ကျန်ရစ်သူမိသားစုဝင်တွေ၊ ထိခိုက်ဒဏ်ရာရတွေ၊ နေအိမ်အဆောက်အအုံတွေပြန်လည်တည်ဆောက်ဖို့အတွက် ဝိုင်းဝန်းကူညီကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။

မနေ့ကနေ့လယ် ၁၂နာရီအကျော်မှာ TNLAရဲ့ခဲယမ်းဂိုဒေါင်ပေါက်ကွဲပြီး ပေါက်ကွဲအားပြင်းထန်တာကြောင့် လူသေဆုံးထိခိုက်မှုများပြီး ကောင်းတပ်ရွာတရွာလုံးနီးပါး မီးလောင်ပျက်ဆီးသွားတာဖြစ်ပါတယ်။ သေဆုံးသွားသူတွေထဲမှာ ကလေးငယ်တွေနဲ့အမျိုးသမီးတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
TNLAကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့ကမေလ ၃၁ရက် ညနေပိုင်းမှာရှင်းလင်းချက်ထုတ်ထားပါတယ်။
အဲ့ဒီရှင်းလင်းချက်ထဲမှာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့သိုလှောင်ထားတဲ့ ယမ်းပျော့တွေမတော်တဆပေါက်ကွဲတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေအတွက် PSLF/TNLAအနေနဲ့ဝမ်းနည်းရကြောင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကိုစုံစမ်းနေပြီး တာဝန်ရှိသူတွေကိုဥပဒေနဲ့အညီအရေးယူမယ်လို့လို့ ပြောထားပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူတွေအတွက် ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း အမြန်ဆုံးဆောင်ရွက်နေပြီလို့လည်း TNLAကုတ်ပြန်ထားပါတယ်။




Comments