top of page

ကစထ၂ မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး နောင်ချိုမြို့မှာ လူလုံးထွက်ပြ

  • Writer: BVJ
    BVJ
  • Jul 17
  • 1 min read

အေတီ/BVJ_ဇူလိုင် ၁၆၊ ၂၀၂၅

ree

ကစထ၂မှုး ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး ဇူလိုင်၁၆ရက်နေ့က နောင်ချိုမြို့မှာ လူလုံးထွက်ပြတာတွေ့ရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်ကထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ သတင်းတွေထွက်လာပြီးနာရီပိုင်းအတွင်း ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို နောင်ချိုမြို့တွင်းမှာ တွေ့ရတာပါ။


နောင်ချိုတိုက်ပွဲကိုဦးဆောင်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးဟာ လားရှိုးမြို့ ကိုးကန့်တပ်ဖွဲ့ထံလက်လွှတ်လိုက်ရတဲ့အချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူခဲ့တဲ့သူဖြစ်ပါတယ်။


ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ထဲကို ကထစမှူး၂ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနဲ့အဖွဲ့ရောက်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က Burma VJ ကို အတည်ပြုပါတယ်။


“နောင်ချိုမြို့ထဲကို ကထစ၂မှူး နိုင်နိုင်ဦးရောက်နေတာ မှန်ပါတယ်။မြို့တော်တော်များများကိုလဲ စစ်ကောင်စီဘက်က ပြန်ထိန်းချုပ်ပြီး သူတို့အုပ်ချုပ်ရေးယန္တာရားစပြီး အသက်သွင်းနေတဲ့အနေအထားမျိုးလဲ တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ အပစ်ရပ်ကာလပြီးရင် ငလျင်အပြီးမှာ တောင်ခမ်းကနေ နောင်ချိုအထိ တိုက်စစ်ပုံဖော်လာပါတယ်။ ဒီလိုတိုက်စစ်ပုံဖော်တာမှာလဲ နေ့စဥ်နေ့တိုင်း လက်နက်ကြီး လေယာဥ်ဗုံးသီးတွေ အဆိပ်ဗုံးသီးတွေ တောက်လျှောက်ချ၊အဓမ္မစုဆောင်းထားတဲ့ လူသစ်တွေ သုံးပြီး လှိုင်းသဖွယ်တက်လာတာပါ။ သူတို့တိုက်စစ်အရှိန်က မေလကစတယ်။ ဇူလိုင်လထဲမှာတော့ နောင်ချိုမြို့ထဲ ရောက်လာတာတွေ့ရတယ်”

ree

နောင်ချိုမြို့ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်လာဖို့ကြိုးစားနေတဲ့အကြောင်း ဗိုလ်ကြီးဇင်ယော် က ဆက်ပြောပါတယ်။


“စစ်ကြောင်းသုံးကြောင်းနဲ့ဝင်လာတယ်။ အဓိက စစ်ကြောင်းဖြစ်တဲ့ ကံကြီးကတက်လာတဲ့စစ်ကြောင်းက မြို့ထဲကိုရောက်လာတယ်။ ဂုတ်တွင်းမှာ စစ်ကြောင်းတကြောင်း ရပ်တန့်နေတာရှိသေးတယ်။ ပြင်ဦးလွင်ဘက်ကလဲ စစ်ကြောင်းတကြောင်းလာနေတယ်။ ဒီနှစ်ကြောင်းကတော့ နောင်ချိုမြို့ထဲကို မ‌ရောက်သေးဘူး"


၁၀၂၇ စစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ အပါအဝင် ရှမ်းမြောက်ဒေသက မြို့နယ်ပေါင်း ၂၀ကျော်လက်လွှတ်ခဲ့ရတဲ့ တိုင်းမှူးတစ်ဦးကို ကထစ၂မှူးတာဝန်တိုးမြှင့်ပေးအပ်ခဲ့တဲ့ အပေါ် စစ်ရေးအကဲခတ်တွေက အံ့သြခဲ့ကြပါတယ်။


လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးကို စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးပေးကာ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၂ မှူး) အဖြစ် ခန့်အပ်ခဲ့ပါတယ်။


"ကစထ-၂မှူးကလဲ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကျသွားတဲ့အချိန်မှာ ရာထူးကအနားပေးခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေမယ့် လူလုံးမပြဘဲနေပြည်တော်မှာ ကြိတ်ရုံးတက်နေရာကနေ အခု ရှမ်းလေးရှမ်းရဲ့ဒေသတွေနဲ့ မိုးဗြဲ ဖယ်ခုံဘက်မှာလူလုံးပြလာတယ်။ ပြီးရင်‌ တောင်ခမ်းမှာနဲ့ ပြင်ဦးလွင်မှာတပ်ထိုင်ပြီးတော့ အခြေအနေကောင်းတဲ့အချိန် ဓါတ်ပုံလာလာရိုက်ပြီးတော့ ဝါဒဖြန့်နေတာတွေတွေ့ရတယ်။အခုလောလောဆယ် ပြင်ဦးလွင်ကနေ နောင်ချိုကို တောက်လျှောက်ကူးနေပြီးတော့ ရုံးထိုင်ကွပ်ကဲတဲ့အနေအထားမျိုးတွေ့ရပါတယ်။ သူတို့ဘက်က နောင်ချိုကို ပြန်ရပီဆိုပြီး စစ်လော်ဘီတွေနဲ့ ပြီးတောသူတို့ရဲ့ဘောမလော်ဘီတွေက အောင်ပွဲခံထပ်ခံပြီး ဝါဒဖြန့်မယ့်အနေအထားမျိုးတွေ့ရပါတယ်။ဒါပေမယ့် ကျွန်တော်တို့ဘက်က ကြိုပြီးတော့ပြင်ရမယ် ဝန်းရံရမယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ နောင်ချိုအလွန်ထိုးစစ်ကိုလည်း ဖိအားအလွန်အကျွံသုံးပြီးတော့ ဆက်လာမယ့်အနေအထားမျိုး ကျွန်တော်တို့တွေ့ နေရပါတယ်ခင်ဗျ"

ree

ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးဟာ စစ်တက္ကသိုလ်အပတ်စဉ် ၃၅ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်မှာ တတိယမြောက်အကြီးဆုံးရာထူး (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ တပတ်စဉ်ထဲ အတူတက်ခဲ့တဲ့သူဖြစ်ပါတယ်။


နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့က တအာင်းတပ်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLAနဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် တစ်နှစ်အကြာမှာ စစ်ကောင်စီလက်ထဲ နောင်ချိုတမြို့လုံးနီးပါး ပြန်‌ရောက်သွားခဲ့ပါတယ်။


၂၀၂၅ ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်က တောင်ခမ်းရွာကနေ စစ်ကြောင်းနှစ်ကြောင်း၊ ပြင်ဦးလွင်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး ခြောက်လအကြာမှာ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page