သက်ဆင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားမယ်လို့ ဟွန်ဆန် ခြိမ်းခြောက်
- BVJ

- Jun 27
- 1 min read
BVJ/Moore _ ဇွန် ၂၇ ၊ ၂၀၂၅

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်မိသားစုကို ကူညီစောင့်ရှောက်ခဲ့ဖူးတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ သူ့အပေါ် ကျေးဇူးကြွေးရှိနေကြောင်းနဲ့ သက်ဆင်ရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း လက်ရှိလွှတ်တော်ဥက္ကဌ ဟွန်ဆန်က ခြိမ်းခြောက်ပြောဆိုလာပါတယ်။
ဒါဟာ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်နဲ့ ဟွန်ဆန်တို့အကြား အငြင်းပွားဖွယ်ပြောဆိုမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီးနောက်ပိုင်း ဟွန်ဆန်က အခုလို ခြိမ်းခြောက်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။
“ခင်ဗျားတို့အနေနဲ့ ကောင်းကောင်းနားလည်ထားရမှာက ကမ္ဘောဒီးယားက မသိနားမလည်တာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ရဲ့ နိုင်ငံရေးကို ကောင်းကောင်းနားလည်ထားတယ်” လို့ ထိုင်းနိုင်ငံရေးခေါင်းဆောင်တွေကို ရည်ညွှန်းပြီး ဒီနေ့ပြုလုပ်တဲ့ ကမ္ဘောဒီးယားအစိုးရ အစည်းအဝေးမှာ ဟွန်ဆန်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ကောင်းကောင်းသိနားလည်ထားတာကြောင့် လာမယ့်ရက်တွေက အသေးစိတ်ထုတ်ဖော်ပြောဆိုသွားမယ်လို့လည်း ဆိုပါတယ်။
“Bhumjaithai ပါတီခေါင်းဆောင် Anutin Charnvirakul ကို သူ့ရာထူးကနေဖယ်ရှားဖို့ အသေးစိတ် ပြင်ဆင်နေတယ်ဆိုတာ ကျွန်တော့်ကို ခင်ဗျား (ပေထုန်တန်ကို ဆိုလို) ပြောခဲ့သေးတာပဲ။ ခင်ဗျားအနေနဲ့ ကိုယ့်နိုင်ငံသားကိုတောင် သစ္စာဖောက်နိုင်သေးတယ်ဆိုရင် ကျွန်တော့်ကိုရော သစ္စာမဖောက်နိုင်ဘဲ ဘယ်ရှိပါ့မလဲ၊ ခင်ဗျား အဲသလိုလုပ်ရင်လည်း လုပ်မှာပါ” လို့ ပေထုန်တန်ကို ဟွန်ဆန်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဖုန်းပြောဆိုမှု အသံဖိုင်ထွက်ပေါ်လာပြီးနောက် အဓိကညွန့်ပေါင်းအစိုးရအဖွဲ့က ဒုဝန်ကြီးချုပ် Anutin ရာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဒါ့အပြင် သက်ဆင်မိသားစုနဲ့ သူ့အကြား အသေးစိတ်ဆွေးနွေးပြောဆိုမှုတွေရှိခဲ့ပြီး ဒီအထဲမှာ ထိုင်းဘုရင်ကို ထိခိုက်ပြောဆိုတဲ့အကြောင်းအရာတွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။
“ခင်ဗျားရဲ့သမီးကို ခင်ဗျားအနေနဲ့ ကောင်းကောင်းဂရုစိုက်ပါ။ ခင်ဗျားရဲ့ကလေးက ဝန်ကြီးချုပ်တစ်ဦးပါ။ ကျွန်တော်ရဲ့သားကလည်း ဝန်ကြီးချုပ်ပါပဲ။ ကျွန်တော် ဘယ်သူလဲဆိုတာ မမေ့ပါနဲ့။ ထိုင်းနိုင်ငံအပေါ် ကျွန်တော် ကျေးဇူးကြွေးတင်စရာ မရှိဘူး။ ထိုင်းကသာ ကျွန်တော့်အပေါ် ကျေးဇူးကြွေးတင်နေတာ” လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ရည်ညွှန်းပြီး ဟွန်ဆန်က ဖြည့်စွက်ပြောခဲ့ပါသေးတယ်။
ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံနယ်စပ် စစ်ရေးတင်းမာနေပြီးချိန် နယ်စပ်တစ်လျှောက် ကမ္ဘောဒီးယားစစ်တပ် စစ်အင်အားဖြည့်တင်းနေမှုတွေကို ထိုင်းအစိုးရက ဝေဖန်ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားစစ်တပ်အပေါ် ထိုင်းအစိုးရရဲ့ ဝေဖန်သံထွက်ပေါ်လာပြီးနောက် ပေထုန်တန်နဲ့ ဟွန်ဆန်ကြား ပုဂ္ဂိုလ်ပြောဆိုမှု ဖုန်းအသံဖိုင်အပြည့်အစုံကို ဖွင့်ချမယ်လို့ ခြိမ်းခြောက်လာမှုတွေလည်း ရှိနေပါတယ်။
နယ်စပ်မှာရှိတဲ့ သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ ထိုင်းစစ်တပ် ဒုတိယစစ်တိုင်းမှူးကို ပေထုန်တန်က ပြောကြားခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က သူ့ကို မလေးမစားဆက်ဆံရုံသာမက ထပ်ကာထပ်ကာ စော်ကားမှုတွေလည်းလုပ်နေတယ်လို့ ဟွန်ဆန်က ဆိုပါတယ်။ သူ့အနေနဲ့လည်း နယ်စပ်အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်လာပါက စစ်ရေးအရ ပြင်ဆင်မှုတွေလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။







Comments