မြစ်ဆုံဆည်စီမံကိန်းပြန်စတင်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့ စစ်အုပ်စုဆွေးနွေး
- BVJ

- Dec 18, 2025
- 1 min read
BVJ/ဂျိုး_ဒီဇင်ဘာ ၁၇၊ ၂၀၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ၂၇ မိုင်ခန့်အကွာ မေခမြစ်နဲ့မလိခမြစ်တို့ပေါင်းဆုံရာမှာတည်ဆောက်မယ့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ စစ်အုပ်စုနဲ့တရုတ်ကုမ္ပဏီတွေဆွေးနွေးခဲ့ကြတယ်လို့ စစ်အုပ်စုဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။
“တမံတည်ဆောက်မှုဒီဇိုင်းတွင် ငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းဖြင့်တည်ဆောက်ရန် ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနေရာသည် စစ်ကိုင်းပြတ်ရွေ့ကြောမှ ၂၅ ဒသမ ၄ ကီလိုမီတာအကွာတွင် ရှိသည့်အတွက် မူလဒီဇိုင်းအရ Maximum Credible Earthquake MCE မဂ္ဂနီကျူ့ ၇ ဒသမ ၁ ခံနိုင်ရန်ရှိစေရန်အတွက် တွက်ချက်ထားသည့် တမံဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရေအားလျှပ်စစ်ဟာဈေးအသက်သာဆုံးဖြစ်တာကြောင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်တယ်လို့လည်းသူကဆက်ပြောပါတယ်။ လျှပ်စစ်ဓါတ်အားကို ရေအား၊လေအား၊နေရောင်ခြည်စွမ်းအား၊ကျောက်မီးသွေးနဲ့သဘာဝဓါတ်ငွေ့တွေကထုတ်လုပ်ကြပြီး မြန်မာနိုင်ငံမှာ တစ်ယူနစ် ထုတ်လုပ်မှုတန်ဖိုးဟာ ရေအားလျှပ်စစ်ကနေ ပျှမ်းမျှ ၈၂ ကျပ်၊ နေရောင်ခြည်စွမ်းအင်ကနေ တစ်ယူနစ် ၁၇၁ ကျပ်၊ သဘာဝဓါတ်ငွေ့ကနေ ၂၃၅ ကျပ်၊ကျောက်မီးသွေးကနေ ၂၁၅ ကျပ်ကျသင့်ပြီး ရေအားလျှပ်စစ်ကအသက်သာဆုံးဖြစ်ပါတယ်။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ မြောက်ဘက် ၂၇ မိုင်ခန့်အကွာ မေခမြစ်နဲ့မလိခမြစ်တို့ပေါင်းဆုံရာ မြစ်ဆုံနေရာမှာတည်ရှိတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုပြီးခဲ့တဲ့ ၂၀၀၆ခုနှစ်မှာ မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံပိုင် SPICကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ပြီးတော့ ၂၀၀၉ခုနှစ်မှာတရားဝင်စတင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီစီမံကိန်းဟာ ကချင်ဒေသခံတွေအတွက် ကောင်းကျိုးမရှိသလို စီမံကိန်းကြောင့်နောက်ဆက်ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်တွေကို ဒေသခံတွေသာရင်ဆိုင်ရမှာဖြစ်တာကြောင့် ပြည်သူတွေကန့်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။
အခုလို ကန့်ကွက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့မှာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းအားလုံးကိုရပ်ဆိုင်းခဲ့တာလည်းဖြစ်ပြီး ဒီကနေ့အထိရပ်တန့်နေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ NLDအစိုးရလက်ထက်မှာလည်း မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဆက်လုပ်သင့်၊မလုပ်သင့်ကိုလေ့လာနိုင်ဖို့အတွက် "ဧရာဝတီမြစ်ဆုံ-မြစ်ညှာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွေ လေ့လာစိစစ်ရေး ကော်မရှင်" ကို ဖွဲ့စည်းခဲ့ပေမယ့် အပြီးသတ်ဆုံးဖြတ်ချက်မချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အခုလက်ရှိ စစ်အုပ်စုလက်ထက်မှာတော့ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတာရှိပေမယ့် လက်ရှိအချိန်ထိတော့ မြေပြင်မှာတည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်တာမရှိသေးတာလည်းဖြစ်ပါတယ်။







Comments