ပုဂံတဖက်ကမ်းကမြစ်ခြေရဲစခန်းကို တစ်နာရီအတွင်း PDFသိမ်းပိုက်ခဲ့
- BVJ

- Jun 10
- 1 min read
BVJ_ဇွန် ၁၀၊ ၂၀၂၆

မကွေးတိုင်း၊ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ဒီနေ့ ဇွန်လ ၁၀ ရက်မနက်အစောပိုင်းလေးနာရီမှာဝင်တိုက်ပြီး ၅ နာရီမှာစခန်းတခုလုံးအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က အခုနေ့လယ်မှာထုတ်ပြန်ပါတယ်။
မေလ ၁၀ရက်ကနေ အခုလ၂ရက်နေ့အထိ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင်နေအိမ်အဆောက်အဦးပေါင်း (၁၀၀၀) ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသလို အတည်ပြုနိုင်တဲ့စာရင်းအရ ပြည်သူ (၂၄)ဦးရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFအနေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ချေမှုန်းခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
မြစ်ခြေရဲစခန်းစစ်ဆင်ရေးကို မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ၊ပခုက္ကူခရိုင် စစ်ဌာနရဲ့ဦးဆောင်ကွပ်ကဲမှုနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ ရန်သူ့ဆီကနေ G-3 (၁၈)လက်၊ 79 (၁) လက်၊ ခြောက်လုံးပြူး (၂) လက်၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ G-3 ကျည်ဘောက် (၂၇) ဘောက်၊ လက်လုပ် လေသေနတ် (၁) လက်၊ ကျည်ကာ ဦးထုပ် (၇)လုံး၊ G-3 ကျည် (၁၉၀၈) တောင့် သိမ်းဆည်းရရှိခဲ့ပြီး ရန်သူနှစ်ယောက်သေဆုံးတယ်လို့ PDFစစ်ရုံးချုပ်က ပြောထားပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ ရန်သူ (၁၄)ဦး စစ်သုံ့ပန်းအဖြစ်လက်နက်ချအညံ့ခံခဲ့လာတာကြောင့် စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီထိန်းသိမ်းထားရှိပြီး စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို စစ်ဘက်ဆိုင်ရာဥပဒေတွေနဲ့အညီ စိစစ်ဖော်ထုတ်၊စစ်တရားရုံးတင် စစ်ဆေးအရေးယူသွားမယ်လို့လည်း အသိပေးထားပါတယ်။




Comments