မြစ်ခြေစျေးကြီးအပါအဝင် အိမ်ခြေတစ်ထောင်နီးပါး မီးရှို့ဖျက်ဆီးခံရ၊
- BVJ

- Jun 8
- 1 min read
အရပ်သား ၄၀ထက်မနည်းသတ်ဖြတ်ခံခဲ့ရပြီး ဒေသခံနှစ်သောင်းခန့်ဘေးလွတ်ရာထွက်ပြေးနေရ
အေတီ/BVJ-ဇွန် ၆၊ ၂၀၂၆

ပုဂံ-ညောင်ဦးတဖက်ကမ်း မြစ်ခြေနယ်မှာ အာဏာသိမ်းစစ်တပ်က တစ်လနီးပါး စစ်ကြောင်းထိုးနေပြီး မြစ်ခြေစျေးကြီးအပါအဝင် အိမ်ခြေ(၁၀၀၀)နီးပါးမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် သတ်ဖြတ်ခံထားရတဲ့ဒေသခံပြည်သူအလောင်း ၂၄လောင်းကို ပုပ်ပွနေတဲ့အနေအထားနဲ့တွေ့ရှိရပြီး၊ ပျောက်ဆုံးနေတဲ့သူတွေလည်းရှိနေတဲ့အတွက် အနည်းဆုံး အယောက် ၄၀ ထက်မနည်း သတ်ဖြတ်ခံထားရတယ်လို့ MFP သတင်းဌာနမှာသတင်းဖော်ပြထားပါတယ်။
နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်က မေလ ၁၀ ရက်ကစပြီး ပခုက္ကူနယ်၊မြစ်ခြေဒေသကို ခန့်မှန်းအင်အား ၅၀၀ ခန့်နဲ့တစ်လနီးပါးစစ်ကြောင်းထိုး အိမ်တွေ၊အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီး၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေလုပ်နေပါတယ်။ စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ နှစ်သောင်းခန့်ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။

မြစ်ခြေမြို့ပေါ်က ဆွဲကြီးရပ်ကွက်အပါအဝင် ရပ်ကွက်လေးခု၊ ရွာသာအေးရွာ၊ဖိုလ်ကုန်းရွာတွေနဲ့ စစ်ကြောင်းတလျှောက်ရွာတွေ မီးရှို့ခံထားရပါတယ်။
ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) ၊ ညောင်ဦးမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ - ၄၁၅) တပ်တွေပူးပေါင်းပြီး အဲဒီဒေသကိုခန့်မှန်း အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်းစထိုးခဲ့တာဖြစ်ပါတယ်။
အကြိမ်ကြိမ်မီးရှို့ခံနေရတဲ့မြစ်ခြေဒေသမှာ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာတွေကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အရေးပေါ် အကူအညီတွေလိုအပ်နေပါတယ်။




Comments