top of page

မြင်းခြံခရိုင်အတွင်းက အသက်မပြည့်သေးတဲ့ PDF ဆယ်ကျော်သက်ကလေးတွေအတွက် မိဘတွေစိုးရိမ်နေ

  • Writer: BVJ
    BVJ
  • Jul 15, 2025
  • 2 min read

◾မူဝါဒကိုကျော်လွန်ဆောင်ရွက်ပါက ထိန်းကျောင်းတည့်မတ်ဖို့ရှိဟု MODပြော

------

မိုနာ/BVJ_ ဇူလိုင် ၁၃၊ ၂၀၂၅

မန္တလေးတိုင်း၊ နွားထိုးကြီး၊ မြင်းခြံနဲ့တောင်သာမြို့နယ်တွေအတွင်းမှာ အသက် ၁၈နှစ်မပြည့်သေးတဲ့ ဆယ်ကျော်သက်ကလေးငယ်တွေဟာ PDFတပ်ဖွဲ့တွေထဲ ရဲ‌ဘော်အဖြစ်ဝင်ရောက်မှုတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာယကံရှင်ကလေးမိဘတွေဆီက သိရပါတယ်။


ဒေသခံတွေဟာ တော်လှန်ရေးကိုအားပေးထောက်ခံသူတွေဖြစ်ကြပေမယ့် အသက်မပြည့်သေးတဲ့ကလေးတွေ ကလေးစစ်သားအဖြစ် PDFတပ်ဖွဲ့တွင်းဝင်ရောက်နေတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေကြတာပါ။


“မြင်းခြံခရိုင်တပ်ရင်း-၉ MBTမှာ ကလေးတွေကဝင်ကြတာ။ သူတို့ကတော့ ခေါ်တာမဟုတ်ဘူး။ ကလေးတွေကဖုန်းတွေအရမ်းသုံးကြတော့ သူတို့ပေ့ချ်ကနေခေါ်တာတွေ့ပြီး မိဘတွေမသိအောင် သူတို့သဘော သူတို့ဆန္ဒနဲ့ဝင်သွားကြတာ။ ဝင်တဲ့အခါမှာ အသက်က ၁၂နှစ်ကစပြီးပါတယ်။၁၂၊ ၁၃၊ ၁၄၊၁၅၊၁၆တွေ။ ၁၆၊၁၇ဆိုတော့ သူတို့ဆီပုံကြမ်းနေတာ။ အခုက ၁၂၊ ၁၃ဆိုတာ အရမ်းကိုငယ်လွန်းလို့ မိဘတွေက ဒီတော်လှန်‌ရေးမှာ မပါဝင်စေချင်သေးဘူး” လို့ တပ်ဖွဲ့ထဲဝင်ရောက်ခဲ့တဲ့ ကလေးမိဘတွေနဲ့နီးစပ်သူ ဒေသခံတစ်ဦးက Burma VJကို ပြောပါတယ်။


Burma VJက လက်ခံရရှိထားတဲ့စာရင်းအရ MBTတပ်ဖွဲ့တွင်းဝင်ရောက်သွားတဲ့ ကလေးအသက်တွေဟာ ၁၂နှစ်၊ ၁၃နှစ်အရွယ်တွေဖြစ်ကြပြီး ဝင်ရောက်သွားသူ ဆယ်ကျော်သက်ကလေး (၈၀) ခန့်ရှိတယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောကြပါတယ်။


“ကိုယ်တွေသွားလာတဲ့အခါမှာလည်း ဂိတ်တွေမှာချထားတာကိုတွေ့ရတာက ၁၄၊၁၅တွေ။ အဲ့ဒီကလေးတွေကို ဂိတ်တွေမှာတာဝန်ပေးထားတော့ ကြားကာလမှာအရာရှိမှန်းလည်းမသိ၊ လူတွေကို ဘယ်လိုစစ်ရမှန်းလည်းမသိ အဲ့လိုမျိုးတွေဖြစ်တာကို အမြဲတမ်းတွေ့ရတယ်”လို့ မြင်းခြံဒေသတွင်းအခြေအနေကို ဒေသခံကပြောပြပါတယ်။


မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်းဟာ Myingyan Black Tiger-MBTတပ်ဖွဲ့နာမည်နဲ့ စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး အမျိုးသားညီညွတ်‌ရေးအစိုးရ-NUG ကာကွယ်‌ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ အဖွဲ့အစည်းတခုလည်းဖြစ်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်တာဝန်ရှိသူတွေနဲ့ MODကို ကလေးမိဘတွေနဲ့ဒေသခံတွေကတိုင်ကြားခဲ့ပေမယ့် ကိုင်တွယ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။


ဒါပေမယ့် MODဘက်ကတော့ ဒီကိစ္စကိုတိုင်ကြားလာတာမရှိသေးဘူးလို့ Burma VJကို ပြောပါတယ်။


“မြင်းခြံခရိုင် တပ်ရင်း(၉)နဲ့ပါတ်သက်တဲ့တိုင်ကြားစာ ကာကွယ်ရေးဝန်ကြီးဌာနကို တိုင်ကြား ထားတာမရှိပါ။ ဒါပေမဲ့ကွပ်ကဲမှုအဆင့်ဆင့်ကို မေးမြန်းဆောင်ရွက်ဖို့ညွှန်ကြားထားပါပြီ။ မူဝါဒကိုကျော်လွန်ဆောင်ရွက်မှုများရှိလာပါက ထိန်းကျောင်းတည့်မတ်ပေးသွားဖို့ရှိပါမယ်”လို့ MODကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


မြင်းခြံခရိုင်အတွင်း တခြားဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှိနေပေမယ့်လည်း MBTတပ်ဖွဲ့က ဒေသတွင်း အင်အားကြီးတဲ့တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။


တပ်ဖွဲ့ထဲဝင်သွားတဲ့ကလေးတွေကို မိဘတွေပြန်ခေါ်ယူဖို့ MBTတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ဆက်သွယ် ပြောဆိုခဲ့ပေမယ့် ကလေးတွေကိုပြန်ပေးအပ်တာမျိုးမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။


“မိဘတွေကို သူတို့ပြန်ပြောတဲ့စကားက သူတို့ကခေါ်တာမဟုတ်ဘူး၊ သူတို့သဘောသူတို့ဆန္ဒနဲ့ လာတာဖြစ်တဲ့အတွက် အဲ့လိုမျိုးပြန်ခေါ်ချင်တယ်ဆိုရင် အရှင်ထွက်တော့မရဘူး အသေထွက်ပဲ ရမယ်ပေ့ါနော်။ တချို့မိဘတွေကျလည်း လူကိုယ်တိုင်ပြန်သွားခေါ်တာမျိုး၊ တချို့မိဘတွေကျ ဖုန်းနဲ့ဆက်သွယ်ပြီး ပြန်ခေါ်တာမျိုးလုပ်ကြတယ်။ ဖုန်းနဲ့ဆက်တာ ဟိုဘက်ကမကိုင်တော့ မိဘတွေလည်းဘယ်လိုလုပ်ရမလဲ မသိဖြစ်နေကြတာ”


အခုတခေါက်အပါတ်စဉ်မှာ ယောကျ်ားလေးတွေအပြင် မိန်းကလေးတွေပါ ခေါ်ယူထားတာကြောင့် တပ်ဖွဲ့တွင်းဝင်ရောက်သူတွေထဲမှာ ဆယ်ကျော်သက်မိန်းကလေးငယ် လေးတွေပါ ပါဝင်နေတယ်လို့ ဒေသခံတွေနဲ့ ကလေးမိဘတွေက ပြောပါတယ်။


တပ်ဖွဲ့တွင်းဝင်သွားတဲ့ ကလေးတွေကို မိဘတွေကပြန်ခေါ်ထုတ်ယူချင်ကြပေမယ့် ထုတ်ယူနိုင်မယ့်နည်းလမ်းရှာမရသလို ပြန်ခေါ်ထုတ်ဖို့ကြိုးစားနေတဲ့အချိန်အတွင်းမှာ စစ်သင်တန်းပေးလိုက်မှာကို စိုးရိမ်မှုတွေရှိနေကြပါတယ်။


“သင်တန်းပေးလိုက်မှာကို မိဘတွေတအားကြောက်နေကြတာ။ သင်တန်းပေးပြီးရင် တခြားအကြောင်းပြချက်တွေနဲ့ ကလေးကိုပိုပြီးထုတ်ရခက်မှာစိုးလို့ သူတို့နည်းသူတို့ဟန်နဲ့ မိဘတွေလိုက်လုပ်နေကြတာ။ ဒါပေမယ့် အခုကသင်တန်းလည်းပေးနေပြီ ကြားတယ်”


အသက်မပြည့်သေးတဲ့ကလေးတွေ တပ်သားအဖြစ်အသုံးပြုတာနဲ့ပတ်သက်ပြီး MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကတော့ ငြင်းဆိုပါတယ်။


“ကျနော်တို့တပ်အနေနဲ့ ဘယ်တော့မှကလေးစစ်သားအသုံးပြုမှုမရှိခဲ့ပါဘူး။ ဒါက သပ်သပ်ဝါဒဖြန့်တာ ဖြစ်ပါတယ်။ ကျ‌‌နော်တို့တပ်မှာ ကလေးစစ်သားအသုံးပြုတာ လုံးဝမရှိပါဘူး”လို့ Burma VJကို ပြောပါတယ်။


ဒါပေမယ့် တပ်ဖွဲ့ကိုတပ်သားအဖြစ်ဝင်ရောက်လာတဲ့ အသက်မပြည့်သေးတဲ့ကလေးတွေ ရှိကြောင်းနဲ့ အဲ့ဒီကလေးတွေအတွက်တပ်ဖွဲ့မှာ နည်းလမ်းနှစ်ခုနဲ့ကိုင်တွယ်တယ်လို့ ဆိုပါတယ်။


“ရှိပါတယ်။ ကျနော်တို့တပ်မှာ အသက်မပြည့်သေးတဲ့ရဲဘော်တွေ လူငယ်တွေလာတာရှိတယ်။ ကျနော်တို့မိဘတွေဆီပြန်အပ်တာလည်းရှိတယ်။ အဲ့ဒီနေရာမှာကျနော်တို့နှစ်ပိုင်းခွဲပါတယ်။ စစ်ကောင်စီထိန်းချုပ်မှုမရှိတဲ့ နယ်မြေတွေ၊မြို့နယ်တွေဆိုရင် ကျနော်တို့ပြန်အပ်တာတွေရှိတယ်။ စစ်ကောင်စီရှိတဲ့နယ်မြေတွေဆိုရင်တော့ ကျနော်တို့တပ်မှာပဲထိန်းသိမ်းထားတယ် ပြန်မပို့ဘူး။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေးအနေအထားအရပါ”လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။


မြင်းခြံဒေသခံက “သူ(MBT)က ဒီဝင်လာတဲ့ကလေးတွေကို ပြန်ပို့လိုက်ရင် သူတို့လုံခြုံရေး နေရာ လိုကေးရှင်းပေါက်သွားပြီး လေယာဉ်ကြဲခံရမှာ၊ ရဲဘော်တွေဆုံးရှုံးရမှာမို့ ပြန်မပေးနိုင်ဘူးလို့ ကလေးမိဘတွေကို ပြန်ပြောလေ့ရှိတယ်”လို့ ပြောပါတယ်။


MBTတပ်ဖွဲ့ဟာ မန္တလေးတိုင်း၊ နွားထိုးကြီး၊ မြင်းခြံနဲ့တောင်သာမြို့နယ်တွေအတွင်းမှာ ဒေသတွင်းတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတာဖြစ်ပြီး ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲက ချင်းညီနောင်ရဲ့စစ်ဆင်ရေးမှာလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။


စစ်ကောင်စီကိုဆုံးခန်းတိုင် တိုက်ခိုက်နိုင်ရေး၊ မြို့ပြတွေကို၀င်ရောက်စီးနင်းသိမ်းပိုက်နိုင်ရေးနဲ့ မြို့ထိန်းနိုင်ရေးလုပ်ငန်းစဥ်တွေ ဆောင်ရွက်ဖို့အတွက်ဆိုပြီး အခုနှစ် ဇန်နဝါရီ ၈ရက်မှာ တပ်ဖွဲ့ဝင်သစ်တွေ ခေါ်ယူခဲ့ပါသေးတယ်။


MBTတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်သစ်ခေါ် ယူမှုသတ်မှတ်ချက်ထဲမှာ အသက် (၁၈)နှစ်ကနေ (၃၅)နှစ်အထိ ကျန်းမာသန်စွမ်းသူ အမျိုးသားတပ်ဖွဲ့ဝင်ဖြစ်ရမှာဖြစ်သလို MBTကချမှတ်ထားတဲ့ တပ်စည်းကမ်းတွေကိုလိုက်နာပြီး တပ်ဖွဲ့ကပေးအပ်တဲ့တာဝန်တွေကို ကျေပွန်ထမ်းဆောင်နိုင်ရမယ်လို့ ပါရှိပါတယ်။


NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်လိုသူရဲဘော်တွေအတွက် "တပ်သားသစ်စုဆောင်းရေးမူဝါဒ"တွေကို သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေ လိုက်နာဆောင်ရွက်ကြဖို့ တိတိကျကျ ချမှတ်ညွှန်ကြားထားပြီး ဖြစ်တယ်လို့ MODတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


“မူဝါဒတစ်ရပ်အနေနဲ့ အသက် (၁၈)နှစ်ပြည့်ပြီးမှသာ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်”


MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကတော့ MBTအနေနဲ့ MODအောက်ကတပ်ဖွဲ့ဖြစ်ပေမယ့် ပြည်သူကိုရှေးရှုတဲ့ မူဝါဒနဲ့သာအဓိကသွားတယ်လို့ ပြောပါတယ်။


“ကျနော်တို့က MODအောက်တပ်ဖြစ်ပေမယ့် ကျနော်တို့ကပြည်သူကိုပဲရှေးရှုတာပါ။ အဓိကပြည်သူနဲ့အံဝင်ခွင်ကျဖြစ်အောင်သွားတယ်။ MBTတပ်မှာ မူဝါဒရှိတယ်။ အထူးသဖြင့် ပြည်သူကို ကိုယ်စားပြုတဲ့မူဝါဒပေါ့။ ဒီပုံစံမျိုးတွေနဲ့သွားတာဖြစ်ပါတယ်”


အသက် ၁၈နှစ်မပြည့်သေးသူတွေ တပ်သားသစ်အဖြစ်ဝင်ရောက်မှုဟာ ဒေသတွင်း တခြားအဖွဲ့အစည်းတွေမှာလည်း ရှိနေပါတယ်။


ပြီးခဲ့တဲ့ ဇွန် ၂၀ရက်မှာလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကနေ မကွေးတိုင်း ပခုက္ကူခရိုင်ထဲကတော်လှန်ရေးအဖွဲ့အစည်းတခုဆီ တာဝန်ထမ်းဆောင်ဖို့ အသက် ၁၈နှစ် မပြည့်သေးသူ အမျိုးသားလေးဦး ဝင်ရောက်လာခဲ့ပါတယ်။


အွန်လိုင်းကနေဆက်သွယ် ဝင်ရောက်လာသူတွေဖြစ်ပြီး ကိုယ်ရေးအချက်အလက် စိစစ်ပြီးချိန်မှာတော့ အသက် ၁၅ နှစ်အောက်နှစ်ဦးနဲ့ ၁၇ နှစ်အောက်နှစ်ဦးဖြစ်နေတာကြောင့် သက်ဆိုင်ရာမိဘတွေဆီကို ဇွန် ၂၇ရက်မှာ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)က ပြန်အပ်ခဲ့ပါတယ်။

အခုလို တပ်သားသစ်အဖြစ်ဝင်လာတဲ့ အသက်မပြည့်သေးတဲ့ကလေးတွေကို မိဘတွေဆီပြန်အပ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ပြန်အပ်ပေးခဲ့တဲ့လူငယ်တွေကတော့ မြင်းခြံမြို့နယ်ထဲကဖြစ်တယ်လို့ သိရပါတယ်။


အသက်မပြည့်သေးတဲ့ကလေးတွေ တပ်သားသစ်အဖြစ်ဝင်သွားတာနဲ့ပတ်သက်ပြီး ကာယကံရှင်ကလေးမိဘတွေနဲ့နီးစပ်သူ မြင်းခြံဒေသခံကတော့ “ကလေးတွေကိုပဲပြန်ရချင်တာ၊ သားသမီးတွေက အရွယ်လည်းမရောက်သေးတဲ့အတွက်။ အဖွဲ့အစည်းကို ဘာဖြစ်စေချင်တယ် ညာဖြစ်စေချင်တယ်ဆိုတဲ့ဆန္ဒလည်းမရှိကြပါဘူး။ သားသမီးပြန်ရရင်ပြီးရော”။


ပုံစာ-MBTတပ်ဖွဲ့ဝင်များစစ်ရေးလေ့ကျင့်နေကြပုံနှင့် သင်တန်းဆင်းဓါတ်ပုံများ၊

မြင်းခြံပကဖက မိဘတွေဆီပြန်အပ်လိုက်သည့် အသက်မပြည့်သေးသူ လေးဦး။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page