top of page

တံတားဦးလေတပ်စခန်းကို "အထူးစစ်ဆင်ရေး"အဖြစ်တိုက်ခိုက်မှုအတွင်း အမျိုးသမီးရဲဘော်တွေပါဝင်ခဲ့

Writer: BVJ
BVJ
Sep 11
1 min read

လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်မှူးကြီးအပါ(၅)ဦးကျဆုံးပြီး တော်လှန်ရေးရဲဘော်လည်း (၃)ဦးကျဆုံးခဲ့

မိုနာ/BVJ_စက်တင်ဘာ ၁၁၊ ၂၀၂၆

မန္တလေးတိုင်းအတွင်းရှိ တံတားဦးလေတပ်စခန်းကို"အထူးစစ်ဆင်ရေး "အဖြစ် မနေ့ကစက်တင်ဘာ ၁၀ရက် နေ့လယ် ၁း၃၀အချိန်တိုက်ခိုက်မှုအတွင်းမှာ အမျိုးသမီးရဲဘော်တွေလည်း ပါဝင်ခဲ့ပါတယ်။


ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်းတို့နဲ့အတူ မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ (MDDS)၊ ရွှေဘိုခရိုင် ကွပ်ကဲရေး (၁) ၊ ရွှေဘိုခရိုင် ကွပ်ကဲရေး (၂) မဟာမိတ်ပူးပေါင်းအဖွဲ့တို့က FPV (Drone)တွေနဲ့ သတ်မှတ်ထားတဲ့ပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် တံတားဦးလေတပ်စခန်းအတွင်းရှိ jet Fighter (၄)စီးထိမှန်ခဲ့ကြောင်းနဲ့ အဒီထဲက jet Fighterနှစ်စီးဟာပျက်ဆီးခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်းကရုပ်သံဖိုင်နဲ့အတူ အခုစက်တင်ဘာ ၁၁ရက်ညမှာ အသိပေးထုတ်ပြန်ပါတယ်။


တိုက်ခိုက်နေစဥ်အတွင်းမှာလည်း တံတားဦးမြို့နယ်၊အလယ်ကျေးရွာအနီးကို ယာယီ နည်းဗျူဟာမှူးကြီး မျိုးလှိုင်ဦးဟာ တပ်သား (၄၀)ဦးနဲ့အတူလှည့်ကင်းပြုလုပ်နေချိန်ဖြစ်တာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ အဲ့ဒီလှည့်ကင်းဟာထိပ်တိုက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယာယီနည်းဗျူဟာမှူး မှူးကြီးမျိုးလှိုင်ဦးဟာ အဲ့ဒီတိုက်ပွဲအတွင်းကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာန-MODကလည်း ဒီအထူးစစ်ဆင်ရေးကိုထုတ်ပြန်ထားပြီး စစ်ဆင်ရေးအတွင်းမှာ စစ်အုပ်စုဘက်က လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇)က ဗိုလ်မှူးကြီး မျိုးလှိုင်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။


ဒါ့အပြင် "စစ်ဆင်ရေးအတွင်း မိမိတို့ဘက်မှတော်လှန်ရေးရဲဘော် (၃)ဦး တိုင်းပြည်နှင့်ပြည်သူအတွက် မြင့်မြတ်စွာအသက်ပေးလှူကျဆုံးခဲ့ရပါသည်"လို့ MODကထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်အုပ်စုဘက်ကနေ စက်တင်ဘာ ၁၀ရက်နေ့လယ် ၀၃:၁၀အချိန်ခန့်မှာ တံတားဦးမြို့နယ်၊ဘူးရောက်ကျေးရွာနဲ့အလယ်ကျေးရွာအကြားကို Mi-35 (တိုက်ခိုက်ရေးရဟတ်ယာဥ်)နဲ့လေကြောင်းတိုက်ခိုက်ခဲ့သလို ၃:၂၅အချိန်မှာလည်း Gyrocopter (၃)စီးနဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဒါပေမယ့် အထူးစစ်ဆင်ရေးလုပ်ခဲ့တဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ ညနေ ၄:၃အချိန်မှာတော့ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄)ကပြောထားပါတယ်။


ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်ကတော့ FPVအသေခံဒရုန်း ခြောက်စင်းနဲ့တိုက်ခိုက်ခံခဲ့ရတာမှန်ပေမယ့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ဟန့်တားနိုင်ခဲ့လို့ လေယာဉ်နဲ့လူတွေထိခိုက်မှုမရှိဘူးဆိုပြီး မနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်။ဒါပေမယ့် အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတော့ ပြည်တွင်းလေကြောင်းတွေပြေးဆွဲမှုကို အရေးပေါ်ရပ်နားခဲ့ရတာကိုတွေ့ရပါတယ်။


တိုက်ခိုက်မှုအပြီး ထွက်ပေါ်လာတဲ့ရုပ်သံဖိုင်တွေအရလည်း စစ်အုပ်စုဘက်ကအဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ရေးယာဉ်တွေထိမှန်ခဲ့တာကို မြင်တွေ့ရပါတယ်။


အခုတော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ခဲ့တဲ့ လေတပ်စခန်း (တံတားဦး)ဟာ ပြည်သူလူထုတွေကို လေကြောင်းကတဆင့်ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေကို အဓိကကျူးလွန်နေတဲ့ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ်တစ်ခုဖြစ်တယ်လို့ MODထုတ်ပြန်ချက်မှာဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ "စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနှင့်အညီ လေတပ်စခန်းဌာနချုပ်များအပါအဝင် အကြမ်းဖက်စစ်တပ်၏အဓိကကျောရိုး စစ်ဘက်ဗဟိုချက်မများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်ချေမှုန်းသွားမည်"လို့လည်း MODကအသိပေးထားပါတယ်။

-တံတားဦးလေတပ်စခန်းတိုက်ခိုက်ခဲ့တဲ့ရုပ်သံ(Video-မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page