မြင်းခြံပကဖအချုပ်ခန်းကနေ လက်နက်ယူထွက်ပြေးသွားသူအချုပ်သားတွေထဲမှာ ဓါးပြတိုက်၊လူသတ်မှုနဲ့ဖမ်းခံထားရသူပေါကြီးဆိုသူ ပါဝင်နေ
- BVJ

- Oct 17
- 1 min read
မိုနာ/BVJ_ အောက်တိုဘာ ၁၇၊ ၂၀၂၅

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ပကဖရဲ့အချုပ်ခန်းကနေ အချုပ်သား ၃၂ယောက်က လက်နက်တချို့ယူပြီး ထွက်ပြေးသွားတာကြောင့် ဒေသတွင်းပြန်လည်ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မနေ့က အောက်တိုဘာ ၁၆ရက်ညပိုင်းမှာ အချုပ်သားတွေက သေနတ်တွေယူထွက်ပြေးသွားတာဖြစ်ပြီး ညပိုင်းမှာ အမျိုးသမီး (၅)ယောက်ကပြန်လည်ဖမ်းမိခဲ့ပြီး ဒီနေ့မနက်မှာတော့ အမျိုးသား(၇)ဦးနဲ့ အမျိုးသမီး (၁)ဦး စုစုပေါင်း (၈)ဦးကို လက်နက်တွေနဲ့အတူ မြင်းခြံအခြေစိုက် Zero ပြောက်ကျားတပ်ဖွဲ့ကင်းပုန်းအဖွဲ့က ပြန်လည်ဖမ်းဆီးပေးခဲ့တယ်လို့ ဒေသပကဖတပ်ရင်းတွေနဲ့ နီးစပ်သူတစ်ဦးက Burma VJကို ပြောပါတယ်။
“ခရိုင်ပကဖရုံးအချုပ်က အချုပ်သားတွေ၊ နီးစပ်ရာတွေကိုတွေ့ရင်ဖမ်းပေးကြပါပြောလို့ သတင်းသိရတာ။ ကျန်တဲ့သူတွေကတော့အခုထိမမိသေးဘူး။ ကျန်တဲ့သူတွေထဲမှာ မြင်းခြံမြို့ပေါ် အမှတ်(၁၈)ရပ်ကွက်က နေအိမ်တအိမ်ကို ဓားမြတိုက်၊ဘူတာတိုက်တန်း mobile phone ဆိုင် ဓားမြတိုက် လူသတ်မှုနဲ့အဖမ်းခံထားရတဲ့ One PDFအဖွဲ့ခေါင်းဆောင် ပေါကြီးပါလွတ်သွားတယ်။ ပေါကြီးက AKတစ်လက်နဲ့လွတ်သွားတယ်ကြားတာ။ AK တကယ်ပါသွား မပါသွားအတိအကျ မသိဘူး။၂၀ခန့်က ခုထိ လွတ်နေတုန်း”
အခုထွက်ပြေးလွတ်မြောက်သွားတဲ့အချုပ်သားတွေဟာ ဒလန်၊ဓါးမြမှုတွေနဲ့ ဒေသတွင်းကဖမ်းဆီးထားသူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။
မြင်းခြံပကဖအချုပ်ခန်းဖောက် ထွက်ပြေးသွားတာနဲ့ပတ်သက်ပြီး မြင်းခြံပကဖကို Burma VJက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုတာမျိုးမရှိသေးပါဘူး။







Comments