ပလမြို့တိုက်ပွဲပြင်းထန်ပြီး သံဃာ၊ အရပ်သားနဲ့ ရဲဘော်တွေအပါအဝင် ၂၀ ကျော် သေဆုံး
- BVJ

- Aug 16
- 1 min read
Updated: Aug 18
တိုက်ပွဲအတွင်းပိတ်မိနေသူ သုံးရာကျော်ကို တော်လှန်ရေးအဖွဲ့ ကယ်ထုတ်ခဲ့
ဇော်/BVJ - ဩဂုတ် ၁၆၊ ၂၀၂၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းက ပလမြို့ကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က (၅၃) ဦးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၂၄) ရက်နေ့ကနေ ဒီနေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကသေဆုံးသူများသလို (၄၈)ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ ဩဂုတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFက ရဲဘော် (၃)ဦးနဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်-KNDOက ရဲဘော် (၁)ဦးတို့ကျဆုံးခဲ့ရပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သံဃာ (၂)ပါးနဲ့ ဒေသခံပြည်သူ (၁၈) ဦးလည်း သေဆုံးခဲ့ပါတယ်။
“ကျွန်တော်တို့ မျက်မြင်အတည်ပြုမှုနဲ့ အလောင်းရရှိမှုအရရောဆို စစ်ကောင်စီဘက်က (၅၃) ဦးသေဆုံးပါတယ်။ ပြီးတော့ သေချာတဲ့ အရင်းအမြစ်တွေကနေ စစ်ကောင်စီသေဆုံးမှုကို ပြန်အတည်ပြုတာမျိုးရှိတယ်။ ကျွန်တော်တို့ ရဲဘော်တွေကတော့ မြို့တွင်းစစ်ဆင်ရေးတွေမှာပဲ ရဲဘော် ၄ ဦးလုံး ကျဆုံးခဲ့တာပါ” လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက Burma VJ ကိုပြောပါတယ်။
ထိတွေ့တိုက်ပွဲတွေအတွင်း တိုက်ပွဲဖြစ်ပွားမှုဟာ တိုက်ပွဲကြီး (၉)ကြိမ်အပါအဝင် စုစုပေါင်း (၃၀) ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှု (၁၁) ကြိမ်၊ ရေတပ်စစ်သင်္ဘောက (၂၆) ကြိမ် ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
“စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်လာတာတော့ လေးကြိမ်ရှိပါတယ်။ ထိတွေ့တိုက်ပွဲ ကြီးငယ်ပေါင်းရင် ၃၀ ကျော်ရှိပါတယ်။ လက်ရှိလဲ စစ်ရေးတင်းမာနေဆဲပါဗျ” လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
ဒါ့အပြင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပစ္စတို (၁) လက်၊ MA -1 ရိုင်ဖယ် (၂) လက်၊ RPG-7 (၁) လက်နဲ့ ဗုံးသီးအပါအဝင်၊ ဒရုန်း (၁) စီးကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ပလမြို့တွင်းမှာပိတ်မိနေတဲ့ ဒေသခံ (၃၂၉) ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လတ်တလော ပလမြို့တွင်းနေအိမ်တွေမှာ စစ်ကောင်စီတပ်သားတွေခိုအောင်းနေဆဲဖြစ်တယ်လို့သိရပြီး အခုတိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၃၄)၊ (၃၅) နည်းဗျူဟာ လက်အောက်ခံတပ်ရင်းတွေနဲ့ တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း၊ တနင်္သာရီတိုင်းပကဖ၊ ပုလောမြို့နယ်ပကဖ၊ ပလဖ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း (၇)၊ KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
ဓါတ်ပုံ-မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း







Comments