အာရှလမ်းမကြီး စစ်တပ်ပြန်သိမ်းယူမှုအပေါ် KNUထုတ်ပြန်
- BVJ

- Sep 8
- 1 min read
ယူဂရင်း/BVJ_ စက်တင်ဘာ ၈၊ ၂၀၂၅

အာရှလမ်းမကြီးကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် စစ်အုပ်စုဘက်က အောင်ဇေယျစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဧပြီ ဒုတိယပတ်ကစတင်ခဲ့တာကြောင့် KNLAဦးဆောင်တဲ့တပ်ဖွဲ့တွေအနေနဲ့ အခုနှစ် စက်တင်ဘာ ၅ရက်အထိဟန့်တားနိုင်ခဲ့ပြီး ရက်ပေါင်း ၅၀၃+ ကြာမြင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUက မနေ့က စက်တင်ဘာ ၇ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
KNLAနဲ့PDFတပ်ဖွဲ့တွေ တစ်နှစ်ကျော်ကြားထိန်းချုပ်ထားတဲ့ အာရှလမ်းမကြီးကို စစ်အုပ်စုဘက်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်ပြီး အခုလ ၆ရက်နေ့မှာပြန်သိမ်းယူသွားပြီးနောက် KNUကအခုလိုအသိပေးလာတာဖြစ်ပါတယ်။
KNUအနေနဲ့ ခံစစ်ရှင်ပျောက်ကြားစစ်နည်းဗျူဟာကို ကျင့်သုံးခဲ့ကာ ၂၀၂၄ ခုနှစ်၊ နှစ်ဦးပိုင်းကနေ အခုနှစ်အတွင်းမှာ အာဏာသိမ်းစစ်တပ်က ခြေကုပ်စခန်းတွေကိုကွပ်ကဲတဲ့ နည်းဗျူဟာစခန်း သုံးခု၊ အခြေချ စစ်ဗျူဟာစခန်း တစ်ခု၊ တပ်ရင်းဌာနချုပ် (၈) ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုရဲ့နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးထိုးစစ်ကို (၅၀၃+)တိုင် ပိတ်ဆို့ဟန့်တားနိုင်ခဲ့ကြောင်းနဲ့ တပ်မဟာ (၆)နဲ့ တပ်မဟာ (၇) နယ်မြေအတွင်း မဆုတ်တမ်းနယ်စပ်ခြေကုပ်စခန်းပေါင်း (၁၈) လုံးကို KNLA ဦးဆောင်တပ်က သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်ဆင်ရေးအတွင်းမှာ စစ်အုပ်စုက သူတို့ရဲ့တပ်သားတွေကိုဆေးတိုက်ကျွေးပြီး ဒိုင်းအဖြစ်အသုံးချခဲ့သလို လက်နက်ကြီး၊ အမြောက်၊ မစ်ဇိုင်းဒုံးကျည်၊ ဒရုန်း၊ လေကြောင်းပစ်ကူ သာလွန်လက်နက်တွေနဲ့ တပ်ရဲ့အရင်းအမြစ်အားလုံးကို ထုတ်သုံးခဲ့ကြောင်းကိုလည်း KNUကထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့သာလွန်အင်အားအသုံးပြုတိုက်ခိုက်ခဲ့တဲ့ ထိုးစစ်ကို ရက်ပေါင်း (၅၀၃+)ပိတ်ဆို့နိုင်ခဲ့တဲ့ အာရှလမ်းမကြီးစစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ KNLA၊ KNDO၊ PDF၊ MLA တပ်ဖွဲ့ဝင်တွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းကို KNUကပြောထားပါတယ်။
ထိုင်း - မြန်မာကုန်သွယ်ရေးအတွက်အရေးပါတဲ့ ကရင်ပြည်နယ်ထဲက မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ကို ဆက်ထားတဲ့အာရှလမ်းမကြီး၊ သင်္ဃန်းညီနောင်ဗျူဟာကုန်းအပါအဝင် စစ်တပ်ရဲ့ ခမရ ၃၅၅၊ ၃၅၆ နဲ့ ၃၅၇ တပ်စခန်းတွေကို KNLAနဲ့PDFတွေက ၂၀၂၄၊ ဧပြီလမှာ ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ထိန်းချုပ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ အဲ့ဒီစခန်းတွေကိုပြန်လည်ရရှိရေး သြဂုတ်လမှာ ကော့ကရိတ်-သင်္ဃန်းညီနောင်ကို စစ်ကြောင်း ၄ကြောင်း၊ မြဝတီကနေ စစ်ကြောင်း ၁ ကြောင်းတို့နဲ့စစ်ကြောင်းထိုးခဲ့ပြီး အခုလ ၆ရက်နေ့မှာ ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းပိုင်းကို ပြန်စိုးမိုးနိုင်ခဲ့ပြီလို့ ဓါတ်ပုံတွေနဲ့အတူဖော်ပြပါတယ်။

KNUကတော့ စစ်အုပ်စုဟာ ၂၀၂၄၊ဧပြီ ၂၀ရက်ညပိုင်းမှာ သံချပ်ကာကားတန်းနဲ့အတူ နာရီပိုင်းအတွင်း မြဝတီအရောက်ချီတက်ဖို့ပြင်ဆင်ခဲ့ပြီး KNLA ဦးဆောင်တဲ့အဖွဲ့က မြဝတီတံတား အမှတ် (၂)ကို ထိုးစစ်ဆင်ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် (၂၀) ရက်ညမှာ တပ်ရုတ်လိုက်ပြီး အောင်ဇေယျစစ်ဆင်ရေးကိုခုခံဖို့ အင်အားဖြည့်လိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။







Comments