မြန်မာ့ဘိန်းစိုက်ပျိုးမှု ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအဆင့်ရောက်ရှိလာ
- BVJ

- Dec 4
- 1 min read
အေတီ/BVJ_ ဒီဇင်ဘာ ၄၊ ၂၀၂၅

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံတွင်းကဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အမြင့်ဆုံးအဆင့်ကိုမြင့်တက်လာခဲ့ပြီး မနှစ်ကဘိန်းစိုက်ပျိုးမှုဟာ ၁၇ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၃ရက်နေ့မှာထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှုပမာဏဟာ ၂၀၂၄ ခုနှစ်မှာ ၄၅၂၀၀ ဟက်တာ (၁၁၁၆၉၁.၆၃ဧက)ရှိရာကနေ ၂၀၂၅ခုနှစ်မှာ ၅၃၁၀၀ ဟက်တာ ( ၁၃၁၂၁၂.၉၆ ဧက) အထိမြင့်တက်လာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)ရဲ့ အစီရင်ခံစာဖော်ပြချက်အရ သိရပါတယ်။
၂၀၂၃ခုနှစ်ကစပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အစိုးရကဘိန်းစိုက်ပျိုးမှုကိုပိတ်ပင်လိုက်ပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားတဲ့အတွက် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘိန်းအများဆုံးစိုက်ပျိုးတဲ့နိုင်ငံဖြစ်လာပါတယ်။မြန်မာနိုင်ငံရဲ့ ၂၀၂၅ ခုနှစ် စုစုပေါင်းဘိန်းထုတ်လုပ်မှုဟာ မက်ထရစ်တန်ချိန် ၁၀၁၀ ခန့်ရှိမယ်လို့ခန့်မှန်းထားပြီး အာဖဂန်နစ္စတန်ရဲ့ လက်ရှိအဆင့်ထက် နှစ်ဆကျော်ပိုများနေပါတယ်။
မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုအခြေအနေက "စိုးရိမ်ရတဲ့အခြေအနေကိုရောက်နေပြီ"လို့ အရှေ့တောင်အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် Delphine Schantz က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
"ဘိန်းစိုက်ပျိုးမှု အကြီးအကျယ်တိုးချဲ့လာတာက မကြာခင်လာမယ့်နှစ်တွေအတွင်း ဘိန်းစီးပွားရေးဘယ်လောက်အထိ ကြီးထွားလာနိုင်တယ်ဆိုတာပြသနေသလို၊ အနာဂတ်မှာလည်း နောက်ထပ်တိုးပွားလာနိုင်တဲ့ အလားအလာကို ညွှန်ပြနေပါတယ်”
.

မြန်မာနိုင်ငံမှာနှစ်အတော်ကြာဘိန်းစိုက်ပျိုးမှုကျဆင်းလာခဲ့ပြီးနောက် ၂၀၂၀ခုနှစ်ကစပြီး ဘိန်းစိုက်ပျိုးမှုတဖြည်းဖြည်းမြင့်တက်လာတာကို နောက်ဆုံးတွေ့ရှိချက်တွေအရအတည်ပြုနိုင်ခဲ့တယ်လို့ UNODC အဖွဲ့ကပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု ၃၂% မြင့်တက်လာခဲ့ပြီး၊ချင်းပြည် နယ်မှာ ၂၆% အထိမြင့်တက်လာပါတယ်။ မြန်မာတနိုင်ငံလုံး ဘိန်းစိုက်ပျိုးမှုရဲ့ ၄၄%ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဟာ ဘိန်းအဓိကစိုက်ပျိုးတဲ့နေရာဖြစ်ပါတယ်။ အဲ့ဒီဒေသသုံးခုစလုံးမှာ အာဏာသိမ်းစစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေဖြစ်ပွားနေပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပိုက်ပြီးနောက်ပိုင် အိန္ဒိယနယ်စပ်အနီး စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းမှာ ဘိန်းစိုက်ခင်း ဧကတစ်ထောင့်သုံးရာကျော်တွေ့ရတယ်လို့လည်း စစ်တမ်းထဲမှာဖော်ပြထားပါတယ်။ အဲ့ဒီဒေသမှာဘိန်းစိုက်ပျိုးမှုကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့တာဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေထပ်ကျယ်ပြန့်လာမယ့်သဘောရှိနေပါတယ်။
ဓာတ်ပုံ- UNODC







Comments